Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ကျပ်သိန်း ၉၀၀၀ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို TNLA မီးရှို့ဖျက်ဆီး

ABN-နွယ်စိုး

ဇွန် ၂၇ ရက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သည် ဇွန်လ ၂၆ ရက်နေ့က ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့၌ ၅နှစ်ကျော်ကာလအတွင်း ဖမ်းဆီးရမိထားသည့် ကျပ်သိန်း ၉၀၀၀ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ၄င်းတို့၏ လွတ်မြောက်နယ်မြေတစ်နေရာ၌ မိဘပြည်သူလူထုများ၏ ရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

TNLAက မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုသည် ၅ကြိမ်မြောက်ဖြစ်ပြီး၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇွန်လ တတိယပတ်အထိ ဖမ်းဆီးရမိထားသည့် ဘိန်းစိမ်း ၉၃.၇ပိဿ၊ ဘိန်းဖြူ ၅၆၆၄၅ ကီလိုဂရမ်နှင့် ယာမ မူးယစ်ဆေးပြား ၃၄၁၄၄၂၉ပြားနှင့် ခါခူး၁၀ထုတ် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၉၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ၅ နှစ်ကျော်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၂၅၄၆ဦး၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ(၅၁၀၀)ဦး စုစုပေါင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၇၆၄၆ဦးတို့ကို မူးယစ်ဆေးဖြတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ အကျင့်စာရိတ္တပြုပြင်ပေးခြင်းများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ PSLF/TNLA ၏ ဒုတိယဥက္ကဌ ၁ ဗိုလ်ချုပ် တားဂျုတ်ဇား၊ အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး တားအိုမ်တမာဝ်း၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားညံမ်အောင်၊ ပြန်ကြားရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော် ဒုတိယအုပ်ချုပ်ရေးမဒေသ ဒုတိယဗိုလ်မှူးကြီး တားကုင်ခြီရ်နှင့် PSLF/TNLA ဌာနဆိုင်ရာ အရာရှိအရာခံများ၊ ရှမ်း၊ လီဆူ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလူထုများ စုစုပေါင်း လူဦးရေ ၈၀၀ကျော် တို့ တက်ရောက်ခဲ့သည်။

အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ နံနက်၉ နာရီမှ နေ့လည် ၁ဝနာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် သွေးချင်းညီအစ်ကိုတိုင်းရင်းသားကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟုသိရသည်။

PSLF/TNLA သည် ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဘိန်းစိမ်း(၁၈၅.၄၈)ပိဿ၊ ဘိန်းဖြူ ၁၁၅.၁၄၅ကီလို၊ ယာမမူးယစ်ဆေးပြား ၆၇၂၉၀၇၅ပြားနှင့် ဘိန်းစိုက်ခင်း ၄၉၂၀ဧက ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုအကြိမ်သည် ၅ကြိမ်မြောက်ဖြစ်သည််။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ