Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူဆလင်ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးအတွက် မြန်မာအဖွဲ့ ကော့ဇ်ဘဇားသို့ သွားရောက်ခဲ့

မူဆလင်ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးအတွက် မြန်မာအဖွဲ့ ကော့ဇ်ဘဇားသို့ သွားရောက်ခဲ့

ABN-ရှိုင်းမိုး

မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ယခုသီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင်ဒုက္ခသည်စခန်းများသို့ ဒုက္ခသည်များ နေရပ်ပြန်ရေးစီမံကိန်းအတွက် နေရပ်ပြန်သူလူဦးရေများကို စစ်ဆေးအတည်ပြုရန် သွားရောက်ခဲ့ကြသည်။

မူဆလင်ဒုက္ခသည်များ အဓိကအားဖြင့် နေရပ်ပြန်မည့်အချိန်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မူဆလင် ဒုက္ခသည် တစ်သန်းနီးပါးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကော့ဇ်ဘဇားနယ်စပ် ခရိုင်ရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြပြီး အများစုမှာ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မြန်မာစစ်တပ် ဦးဆောင် ဖြိုခွင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာသူများ ဖြစ်သည်။

ကော့ဇ်ဘဇားရှိ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ Mohammed Mizanur Rahman က ရှေ့ပြေးစီမံချက်အရ နေရပ်ပြန်ပို့မည့် ရိုဟင်ဂျာ ၁,၁၄၀ စာရင်းရှိကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

မွေးကင်းစ ကလေးငယ်များအပါအဝင် စာရင်းတွင်ကျန်ရှိနေသည့် ၄၂၉ မှုကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။

“သူတို့ကို ပြန်ပို့ဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ” ဟု Rahman က ပြောကြားပြီး ၎င်းသည် မည်သည့်အချိန်တွင် စတင်နိုင်သည်ကိုလည်း သူမသိကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်ကအာဏာသိမ်းခဲ့သော မြန်မာစစ်အစိုးရသည် ယခုအချိန်အထိ မူဆလင် ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန် လိုလားမှု အနည်းငယ်သာ ရှိနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Yao Wen ဘေဂျင်းက ကြားဝင်ညီနှိုင်းပေးသူ အဖြစ် ဆက်လက်ဆောင်ရွက်နေချိန်မှာ ပထမအသုတ်အနေနဲ့ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ မူဆလင်တွေကို မကြာခင် နေရပ်ပြန်ပို့ဖို့ မျှော်လင့်ထားတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sangbad Sangstha သတင်းဌာနက ဖော်ပြထားသည်။

သောင်းနှင့်ချီသော ဝါးနှင့် ပလပ်စတစ်အခင်းများဖြင့် ပြုလုပ်ထားသည့် တဲအိမ်များတွင် ပြည့်ကျပ်နေသဖြင့် စခန်းများရှိ ဒုက္ခသည်များ၏ နေရေးထိုင်ရေးမှာ အန္တရာယ်ရှိနေသည်။

လွန်ခဲ့သည့် ၂ နှစ်က ဒုက္ခသည် စခန်းတွင်း မီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး အိမ်ခြေ ၁၀,၀၀၀ ကျော် ပျက်စီးခဲ့သည်။ ယခုလအစောပိုင်းတွင် နောက်ထပ်မီးလောင်ကျွမ်းမှုကြောင့် လူ ၁၂,၀၀၀ မှာ အမိုးအကာမရှိဘဲရှိနေကြသည်။

အလုပ်အကိုင် ရှားပါးမှုနှင့် ပညာရေး အခွင့်အလမ်းများ စသည့် ကာလရှည်ကြာ ပြဿနာများအပြင် စခန်းများတွင်လည်း ရာဇ၀တ်မှုများ တိုးပွားလာနေသည်။

ပိုကောင်းသည့် နေရာကို ရှာတွေ့ဖို့ စိတ်အားထက်သန်သည့် မူဆလင်ဒုက္ခသည် အများအပြားသည် ဘင်္ဂလားဒေ့ရှ်မှ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံများသို့ အန္တရာယ်ရှိသည့် ပင်လယ်ရေကြောင်းခရီးဖြင့် အသက်စွန့်ပြီးသွားနေကြသည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ယမန်နှစ်က ပင်လယ်ပြင်တွင် အနည်းဆုံး မူဆလင် ၃၄၈ ဦး သေဆုံးခဲ့သည်ဟု ယူဆရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ