AB News – မတ် ၂၈ ၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အတွင်းသို့ အင်အားအများအပြားဖြင့် အပြင်းအထန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် အထိနာပြီးနောက် ကစဉ့်ကလျား ဆုတ်ခွာသွားခဲ့ရကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။
မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် စစ်ကောင်စီတပ်က အင်အားအများအပြား အသုံးပြု၍ ထိုးစစ်ဆင်မှုများ မကြာခဏပြုလုပ်နေ၍ တော်လှန်ရေးတပ်ဖွဲ့များက စည်းလုံးညီညွှတ်စွာဖြင့် အကောင်းဆုံးခုခံကာကွယ်နေကြောင်းလည်း သိရှိရသည်။
ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့က စစ်ကောင်စီမှ မိုးဗြဲမြို့အတွင်းသို့ ဝင်ရောက်နိုင်ရန် အင်အားအလုံးအရင်းဖြင့် အရှေ့ကာကင်းများအား အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် တော်လှန်ရေးတပ်များ ပူးပေါင်းကာ ခုခံတန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့သောကြောင့် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများစွာဖြင့် ကစဉ့်ကလျား ဆုပ်ခွာသွားခဲ့ရကြောင်း သိရသည်။
ထိုးစစ်ဆင်ခဲ့သော စစ်ကောင်စီတပ်သည် ထိခိုက်မှုများဖြင့် မိုးဗြဲမြို့၏ နှစ်မိုင်ကျော်ခန့်အကွာရှိ ခမရ(၄၂၂) တပ်ရင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
မိုးဗြဲမြို့ထိုးစစ်တွင် ဒရုန်း၊ လက်နက်ကြီးအပြင် လေကြောင်းတို့ဖြင့် စစ်ကောင်စီတပ်က နေ့စဥ်တိုက်ခိုက်နေသဖြင့် ဒေသခံနေအိမ်အများအပြားလည်း မီးလောင်ပျက်စီးလျက်ရှိသည်။
လက်ရှိစစ်ရေးအရ ပြည်သူများအနေဖြင့် မြို့အနီးပတ်ဝန်းကျင်နေရာများသို့ မလိုအပ်ပါက သွားလာခြင်း မပြုလုပ်ကြရန်နှင့် လုံခြုံဘေးကင်းရေးအတွက် စစ်ရေးသတိရှိကြရန် KNDF က တိုက်တွန်းထားသည်။