Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မန်တုံမြို့ စစ်ကောင်စီတပ်စခန်းများကို TNLAမှ အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်

AB News- ဒီဇင်ဘာ ၂၄၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တ​အာင်းတပ်မတော် PSLF/TNLA မှ အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA News ၏သတင်းထုတ်ပြန်ချက်အရသိရှိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်နေ့ထိ ၄ ရက်မြောက်နေ့ ညနေ ၆ နာရီခွဲ အချိန်တွင် စစ်ကောင်စီ ခလရ- ၁၃၀ ဗျူဟာကုန်းနှင့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ.တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများအလုံးစုံကို သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။

တအာင်းတပ်မတော် ​PSLF/TNLA မှ မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီဘက်မှ Jet Fighter ဖြင့်(၄၃) ကြိမ်၊ Y12 လေယာဥ်ဖြင့် (၁၈၃)ကြိမ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဥ် Mi 35 ဖြင့် (၃၀) ကြိမ်တို့ဖြင့် ခုခံပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မန်တုံမြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီ ခလရ (၁၃၀) တပ်စခန်းမှ ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် (၁၃၇) ကြိမ်ထက်မနည်း မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပို့ယာဥ်ဖြင့် လက်နက်ခဲယမ်း စစ်ကူအင်အားများကို (၉)ကြိမ်ထိ မန်တုံစခန်းကုန်းသို့ လာရောက် ထောက်ပံ့ခဲ့ကြောင်း TNLAကဆိုသည်။

မန်တုံမြို့စခန်းသိမ်းတိုက်ပွဲ (၄)ရက်တာအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၆၅ ကြိမ်၊ ဗုန်းကြဲချမှုအကြိမ်ပေါင်း ၁၀၃၈ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၃၇ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ပြီး တစ်ရက်ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု (၆၆)ကြိမ်၊ ဗုံးကြဲတိုက်ခိုက်မှု တစ်ရက်ပျမ်းမျှ ၂၅၉ ကြိမ်အသုံးပြုတိုက်ခိုက်ခဲ့ကာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စံချိန်တင်အသုံးပြုတိုက်ခိုက်ခဲ့​ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မန်တုံမြို့တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်မှ အရပ်ဘက်ပြည်သူများအားဦးတည်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊ ဘာသာရေးအဆောက်အအုံ ဘုရားကျောင်းကန်များ၊ လူနေအိမ် ၁၅ လုံးပျက်စီးခဲ့ပြီး လူနေအိမ် ၁ ဆောင်မှာ မီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရသည်။

တိုက်ပွဲကာလအတွင်းတွင် စစ်ကောင်စီဘက်မှ ၁၅၅ ဟောင်ဝစ်ဇာအမြောက် ၂ လက်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများကိုလည်း ရှင်းလင်းသိမ်းဆည်းရမိကြောင်းလည်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ တအာင်းတပ်မတော် PSLF/TNLA က မိုင်းလုံမြို့၊ နမ့်ဆန်မြို့နှင့် နမ့်ခမ်းမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး​ မန်တုံမြို့ကို စတုတ္တမြောက်မြို့အဖြစ် အလုံးစုံထိန်းချုပ် သိမ်းပိုက်ထားပြီဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ