ABN – သူရမောင်
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းအတွက် ဥပဒေတစ်ရပ်ကို ပြင်ဆင်ပြဌာန်းလိုက်သည်။
ပြဌာန်းချက်အား စာမျက်နှာ ၂၀ ပါဝင်ကာ ယခင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြင်ဆင်ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို မင်းအောင်လှိုင်က ပြန်လည်ပြင်ဆင် ပြဌာန်းလိုက်ခြင်းဖြစ်သည်။
ပြဌာန်းချက်တွင် ဖော်ပြချက်အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်လုံးညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်သို့ လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဌာန်းလိုက်ကြောင်း ဖော်ပြထားသည်။
အခန်း (၁) ပုဒ်မ (၁)အရ ဤဥပဒေကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဟု ခေါ်တွင်စေရမည်။
အခန်း (၁) ပုဒ်မ (၂) ပုဒ်မခွဲ (ဂ) အရ နိုင်ငံရေးပါတီဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ထားသော နိုင်ငံရေးအဖွဲ့အစည်းကို ဆိုသည် ဟုဖော်ပြထားသည်။
ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့သည် မှတ်ပုံတင်ထားပြီးဖြစ်သည့် သို့မဟုတ် ပုဒ်မ ၅ အရ လျှောက်ထားပြီးသည့် အခြားပါတီတစ်ခု၏ အမည်၊ အလံ သို့မဟုတ် တံဆိပ်နှင့် တူညီနေလျှင်သော်လည်းကောင်း၊ ဆင်တူယိုးမှား ဖြစ်နေလျှင်သော်လည်းကောင်း၊ ကွဲပြားစေရေးအတွက် ဆောင်ရွက်ရန်ကာလသတ်မှတ်၍ ကော်မရှင်က ညွှန်ကြားနိုင်သည်။
ယင်းသို့ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်လျှင် လျှောက်လွှာကို ပယ်ချနိုင်သည်ဟု ပုဒ်မ (၈) ပုဒ်မခွဲ (ခ)တွင် ဖော်ပြထားသည်။


















