သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေ

AB News – ဇူလိုင် ၁၇၊ ၂၀၂၅
နွယ်စိုး

ပေါက်တောမြို့နယ်မှ မင်းပြားမြို့နယ်တွင် စစ်ဘေးရှောင်နေသော ကိုယ်ဝန်ဆောင် စစ်ဘေးရှောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု အကူညီများ အရေးတကြီး လိုအပ်နေသည်ကို AB News မှ ကွင်းဆင်းသတင်းယူချိန်တွင် တွေ့ရှိခဲ့သည်။

ကိုယ်ဝန်ဆောင် စစ်ဘေးရှောင်အမျိုးသမီးများမှာ ကျန်းမားရေး ကူညီစောင့်ရှောက်မှု လိုအပ်နေပြီး ဆေးခန်းပြရန်နှင့် ဆေးဝါးကုသရန် အခက်အခဲဖြစ်နေကြရသည်ဟု စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီး ဦးယဉ်နူ က AB News သို့ ပြောသည်။

“မွေးဖွားဖို့ နှစ်လပဲ လိုတော့တယ်။ ဆေးခန်တခါမှ မပြရသေးဘူး ။ ဆေးရုံဆေးခန်တွေဆိုတာ မမြင်ဖူးပါဘူး။ တချို့ ဆေးခန်းတွေဆို ပိုက်ဆံမပါရင် ဝင်လိုကို မရပါဘူး။ မွေးဖွားခါနီး ဆေးခန်းလေးတော့ ပြချင်တာပေါ့။ ဆေးခန်းပြဖို့ ငွေးကြေးကလည်း မတတ်နိုင်တော့ ဒီအတိုင်းပဲ ကြောက်ကြောက်ရွံ့ရွံ့နဲ့ မွေးဖွားမယ့် အချိန်ကို စောင့်နေရတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ငွေကြေးမလုံလောက်မှု၊ စားဝတ်နေရေး ခက်ခဲမှုများကြောင့် ကိုယ်ဝန် (၈)လ ကြာသည့် အထိ ဆေးခန်တစ်ခါမှ မပြရသေးသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး အများအပြား ရှိနေကြောင်း သိရှိရသည်။

နောက်ထပ် စစ်ဘေးရှောင် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးက “ကိုယ့်မှာ လွယ်ထားရတဲ့ ကိုယ်ဝန်ကို ဆေးခန်းပြဖို့ ပိုက်ဆံမပြောနဲ့ စားသောက်ဖို့ ပိုက်ဆံတောင် မရှိပါဘူး။ အလှူခံလို့ ရမှ စားသောက်နေရတဲ့ ဘဝတွေပါ။ ကိုယ်ဝန်သည်တွေ ဆိုတော့ အဟာရရှိတဲ့ အသီးအနှံတွေ၊ အသားငါးတွေ စားချင်တာပေါ့။ အခုက ဆန်ကို အရည်ကြိုပြီး စားသောက်နေရတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်များမှာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့်အပြင် စားဝတ်နေရေး အကျပ်အတည်းကြောင့် အစာအာဟာရ လုံလောက်စွာ မစားသုံးနိုင်သဖြင့် ဘေးကင်းစွာ ကလေးမွေးဖွားနိုင်ရေးအတွက် စိုးရိမ်စိတ်များဖြစ်နေကြောင်း ကိုယ်ဝန်သည် ဒေါ်လုံစိန် က ဆိုသည်။

“ကိုယ်ဝန်ဆောင်နေချိန်အတွင်း အစားအသောက်တွေ သေချာမစားရတော့ ကလေးမွေးရင် ကိုယ်အင်္ဂါ မစုံဘဲ မွေးဖွားလာမလား တွေးပူမိတယ်။ ကလေးမွေးမှာကိုပဲ အမြဲတွေးပူနေမိတယ်။ အစားအစာတောင် မပြည့်စုံတာ၊ ဆေးဝါးဆိုတာ မပြောနဲ့ ဖောလစ်အက်စစ်(ကိုယ်ဝန်ဆောင်မိခင်များသောက်သုံးဆေး) တောင်မသောက်နိုင်တာ ဘယ်လို ကလေးမွေးမယ်ဆိုတာ တွေးမိတိုင်း စိတ်ပူနေရတယ်” ဟု ဆိုသည်။

အဆိုပါစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ ရေပြည့်နေသော မြေကွက်လပ်၊ လယ်ပြင်များတွင် အခကြေးငွေပေးပြီး ယာယီတဲ့ထိုးနေကြရသည်ကိုလည်း Arakan Bay Newsမှ ကွင်းဆင်း သတင်းယူချိန်တွင် တွေ့ရှိခဲ့ရသည်။

ရက္ခိုင်တွင် တိုက်ပွဲကြောင့် နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်ပြည်သူ ၆ သိန်းနီးပါးမှာ စစ်ဘေးလွတ်ရာ နေရာများတွင် အကူအညီ ကင်းမဲ့စွာဖြင့် နေထိုင် နေကြရသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ