
AB New- ဒီဇင်ဘာ ၅၊ ၂၀၂၅
ဒေဝီ
မင်းပြားမြို့တွင် အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသူ အမျိုးသမီးငယ် ၁ ဦးသည် မိသားစု ပြဿနာများကြောင့် စိတ်ဖိစီးမှု ဒဏ်ကို မခံနိုင်၍ ကြပ်စင်တံတားတွင် မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ကြိုးစားခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။
မင်းပြားမြို့၊ ကျွန်းချေပိုင်း၊—-ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးသည် တစ်အိမ်တည်းတွင် အတူနေထိုင်သည့် အစ်မဖြစ်သူတို့ လင် မယား မကြာမကြာ ရန်ဖြစ်ကြသည်ကို တွေ့မြင်နေရသည့်အပြင် ခဲအိုဖြစ်သူ၏ ဆဲဆိုကြိမ်းမောင်သည်ကို ခံရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကာ ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီခန့်က ကြပ်စင်တံတားထက်မှ ခုန်ချကာ သေကြောင်းကြံစည်ရန် ကြိုးစားခဲ့သည်ဟုသိရသည်။
ထိုသို့သေကြောင်းကြံစည်ရန်ကြိုးစားနေစဉ် ဖခင်ဖြစ်သူမှ ကြပ်စင်တံတားသို့ လိုက်ပါ တားဆီးခဲ့သဖြင့် အသက်မဆုံးရှုံးလိုက်ရခြင်းဖြစ်ကြောင်း ထိုဖြစ်စဉ်ကို သိရှိသည့် ဒေသခံ ၁ ဦးက AB News သို့ပြောသည်။
“အဲ့ကောင်မလေး ဘေးတွဲဆိုင်ကယ် ၁ စီးငှားပြီး ကြပ်စင်တံတားဘက်ကို ၁ ယောက်ထဲထွက်သွားတာ။ သူ့အဖေက စိတ်မချလို့ လိုက်သွားလိုက်လို့သာ အချိန်မီတားနိုင်လိုက်တာပေါ့။ မဟုတ်ရင်တော့ အသက် ၁ ချောင်း အလကားသက်သက် ဆုံးရှုံးသွားရမှာ။” ဟုပြောသည်။
၎င်းတို့မိသားစုတွင် မွေးချင်း ၆ ယောက်ရှိပြီး ၎င်းမှာ အငယ်ဆုံးသမီးဖြစ်ကာ Grade- 10 တက်နေသည့် ကျောင်းသူ ၁ ဦး ဖြစ်သည်။
အစ်မဖြစ်သူ၏ ယောကျာ်းသည် အရက်သေစာသောက်စားပြီး မူးလာလျှင် အိမ်တွင် ဆူပူသောင်းကျန်း၍ ပြဿနာရှာသဖြင့် လင်မယားချင်းမကြာခဏ စကားများလေ့ရှိပြီး ခယ်မဖြစ်သူက စကားမများရန်၊ ရန်မဖြစ်ရန် ပြောဆိုပါက ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတတ်ကြောင်း သိရှိရသည်။
“အမမှာလဲ ကိုယ့်လင်နဲ့ ကိုယ့်သားနဲ့ရှိပါစေတော့။ ညီမတောင်းဆိုချင်ပါတယ် မိသားစုတွေကို ဂရုစိုက်ပေးပါ။ ညီမ အသုဘချရင်တောင် ခဲအိုကို မလာပါစေနဲ့ အမ။ နောက်ဘဝတွေမှာ အမတို့ အဖေတို့နဲ့ ဆက်တွေ့ချင်ပါတယ်။ ရောက်ရာဘဝတိုင်းမှာလဲ ဒီလို ယုတ်ညံ့တဲ့ ခဲအိုလိုလူမျိုးနဲ့ မတွေ့ရပါစေနဲ့ အရှင်ဘုရား။” ဟု ၎င်းချန်ထားသည့် ဖုန်းဖြင့် ဖမ်းယူထားသည့် အသံဖိုင်တွင် ပြောဆိုထားသည်။
လက်ရှိတွင် အဆိုပါ အမျိုးသမီးငယ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စိတ်ကျန်းမာရေး ပညာရှင်အဖွဲ့က စိတ်ပိုင်းဆိုင်ရာ ကုသဆွေးနွေးမှုများ ပြုလုပ်ပေးရန် ကြိုးစားနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်နေ့က မိသားစုအသိုင်းအဝိုင်းများနှင့် ပတ်ဝန်းကျင်က လက်မခံ၍ LGBT အတွဲ ၁ တွဲ မင်းပြားမြို့နယ်၊ ကြပ်စင်တံတားမှ ခုန်ချအဆုံးစီရင်ခဲ့ရာ သြဂုတ် ၁၄ ရက်တွင် ရုပ်အလောင်းတွေ့ရှိခဲ့သည်။