သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းကင်းမြို့နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် များအပါအဝင် ပြည်သူ ၁၀ ဦးသေဆုံး

AB News- မေ ၂၄၊ ၂၀၂၅

ဒေဝီ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သာစည်ရွာနှင့် မင်းစုရွာကို အကြမ်းဖက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက မင်းကင်းမြို့နယ်၊ သာစည်ရွာနှင့် မင်းစုရွာရှိ ပြည်သူများ နေထိုင်သော ကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၅နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း များပြားကြောင်း သိရသည်။

ယင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသည့် ပြည်သူများတွင် ကလေးငယ်များဖြစ်သည့် အသက် ၅ နှစ်အရွယ် မနှင်းရတီဝင်း၊ အသက် ၆ နှစ်အရွယ် မောင်ဖုန်းခန့်ဖြိုး၊ အသက် ၇ နှစ်အရွယ် မောင်ထက်နေကြည်နှင့်မောင်ဖြိုးမင်းခန့်၊ အသက် ၈ နှစ်အရွယ် မဆောင်းသဇင်နွေးနှင့် မောင်ကျော်ဖြိုးအောင် ၊ အသက် ၉ နှစ်အရွယ် မဖြိုးအိဇင် ၊ အသက် ၁၁ နှစ်အရွယ် မောင်ရှင်းသန့် တို့အပါအဝင် အသက် ၂၃ နှစ်အရွယ် ချစ်စန်းနွယ်၊ အသက် ၂၇ နှစ်အရွယ် နှင်းအိစံ ၊ အသက် ၃၅ နှစ်အရွယ် မယဉ်လှ ၊ အသက် ၃၆ နှစ်အရွယ် သိန်းလွင်ဦး ၊အသက် ၃၈ နှစ်အရွယ် ပြူးစိန် ၊ အသက် ၃၉ အရွယ် ဘိုဦး ၊ အသက် ၄၀ နှစ်အရွယ် နှင်းနုအောင် ၊ အသက် ၄၂ နှစ်အရွယ် ဇော်မင်းဦး ၊ အသက် ၄၆ နှစ်အရွယ် ဇော်လင်း ၊ အသက် ၄၈ နှစ်အရွယ် မောင်စိုး ၊ အသက် ၇၄ နှစ်အရွယ် ဒေါ်စိန်ကြွေ တို့ ပါဝင်ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုများ ပေးနေသော်လည်း စိုးရိမ်ရသူများကို ကုသပေးရာတွင် ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာမလုံလောက်မှုများ ရှိနေကြောင်း သိရသည်။

လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူများထဲတွင် အသက်အန္တရာယ် စိုးရိမ်ရသူများလည်းပါဝင်ပြီး သေဆုံးသူ အရေအတွက် ပိုမိုများပြားလာနိုင်ကြောင်းလည်း သိရသည်။

“မင်းစုနဲ့ သာစည်ရွာကိုကြဲသွားတာ ကလေးငယ်လေးတွေတောင်ပါသွားတယ်။ လူမဆန်တဲ့ စစ်ခွေးက တစ်နေ့ထက်တစ်နေ့ဆိုးလာတယ်။ မိဘတွေဘယ်လောက်တောင်ရင်ကျိုးကြလိမ့်မလဲ” ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

မေလ ၁၃ ရက်နေ့ကလည်း ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ ထွန်းရဝေကျေးရွာကို စစ်ကောင်စီက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များ၊ အမျိုးသမီး အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ရပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီသည် မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့ အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမှုများနှင့် ပြည်သူများကို ပစ် ခတ် သတ်ဖြတ် ဖမ်းဆီးမှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ