Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ၅ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ဘုန်းကြီးအပါအဝင် အရပ်သား ၁၀ ဦး ဒဏ်ရာရ

ABN-မေအိအိအောင်

ဇွန် ၂၂ ရက်

မကွေးတိုင်း ဆောမြို့နယ်တွင် စစ်ကောင်စီ အမြောက်တပ်က ပစ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ဘုန်းကြီးအပါအဝင် အရပ်သား ၇ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုအမြောက်တပ်မှ ယမန်နေ့ ဇွန်လ ၂၁ ရက် ညနေပိုင်းတွင် ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမြောက်တပ်မှ ပစ်သည့် လက်နက်ကြီးမှာ ဆောမြို့နယ်၊ ရွာသာကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းကျရောက်ကာ ကိုရင်တစ်ပါး၊ ဦးပဉ္စင်းတစ်ပါးနှင့် အရပ်သား ၅ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ဒဏ်ရာရသူ ၇ဦးအနက် ပြင်းထန်ဒဏ်ရာရရှိခဲ့သော ပြည်သူ ၄ ဦးအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ အရှေ့စံသာရွာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့ကာ မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ဖြစ်စဉ်မှာ ကလေးမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့မှာပင် ၁၂၀ မမ လက်နက်ကြီးဖြင့် အရှေ့စံသာရွာကို ပစ်ခတ်ခဲ့သည်။

လက်နက်ကြီးထိမှန်၍ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းပွင့်သေဆုံးပြီး မိခင်ဖြစ်သူ အသက် ၄၀ အရွယ်အမျိုးသမီးမှာ ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရသည့်အပြင် အသက် ၁၂ နှစ်အရွယ် သမီးနှင့် ၇ နှစ်အရွယ် သားငယ်မှာလည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ