ABN-မေအိအိအောင်
ဇွန် ၃၀ ရက်
မက္ကဆီကိုနိုင်ငံတွင် အပူရှိန် အလွန်အမင်း ပြင်းထန်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။
ယခုလ ဇွန်လ ၁၂ ရက် နေ့မှ ၂၅ ရက်နေ့ အတွင်း အပူချိန်မြင့်တက်လာမှုကြောင့် လူပေါင်း ၁ ထောင်ကျော် အရေးပေါ်အခြေအနေသို့ ရောက်ရှိခဲ့သည်။
အရေးပေါ်အခြေအနေရောက်ရှိခဲ့သည့် လူပေါင်း တစ်ထောင်ကျော်တွင် ၁၀၄ ဦးမှာ အသက်ဆုံးရှုံးခဲ့ရကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က မက္ကစီကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ သေဆုံးရသည့် အဓိက အကြောင်းရင်းမှာ အပူရှပ်ခြင်းကြောင့်နှင့် ရေဓာတ် ခန်းခြောက်မှုကြောင့် ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
မက္ကဆီကို အနောက်မြောက်ပိုင်းရှိ ဆိုနိုရာ ပြည်နယ်တွင် ယခုအပတ်အတွင်း အမြင့်ဆုံးအပူချိန်မှာ ၄၉ ဒီဂရီ စင်တီဂရိတ်အထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ယင်းအပြင် နောက်ထပ်အပူလှိုင်းမှာ လာမည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ရိုက်ခတ်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။