AB News – မတ် ၂၂ ၊ ၂၀၂၅
ကရင်နီပြည်နယ်၊ ဘောလခဲမြို့တွင် ဖြစ်ပွားနေသော မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားအများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် မတ်လ ၁၉ ရက်နေ့မှစတင်ကာ ဘောလခဲမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်ရင်းစခန်း ၃ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများမှာ ပြင်းထန်လျက်ရှိကြောင်း၊ နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာနေကြောင်းလည်း သိရသည်။
ဘောလခဲဗျူဟာတွင် စစ်ကောင်စီတပ်ရင်း ၃ ရင်း အထိုင်ချထားပြီး ရဟတ်ယာဉ်များဖြင့် စစ်အင်အားများ ထပ်မံဖြည့်တင်းထားသဖြင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေရကြောင်း၊ မြို့တွင်းသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
“စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ၊ မြို့ထဲမှာနေလို့မရတော့ဘူး။ အကုန်လုံး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်” ဟု ဘောလခဲမြို့ခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဘောလခဲမြို့အတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ နှစ်ဖက်အခြေအနေမှာ တင်းမာလျက်ရှိကြောင်း ဒေသခံများက ပြောသည်။