သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာ (၂၉)ရွာ ရေကြီးရေလျှံဖြစ်နေ

AB News – ဇူလိုင် ၈၊ ၂၀၂၅
နွယ်စိုး

ယခုရက်ပိုင်းအတွင်း ရက္ခိုင်ပြည်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် ဘူးသီးတောင်မြို့တောင်ပိုင်းမှ ကျေးရွာအချို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ရေနစ်မြုပ်နေသည်ဟု စုံစမ်းသိရှိရသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်၊ ချောင်းရေ စီးဆင်းမှုများကြောင့် ဒီရေမြင့်တက်လာ၍ ဘူးသီးတောင်မြို့နယ်မှ ကျေးရွာပေါင်း(၂၉)ရွာသည် ရေကြီးရေလျှံမှုဒဏ်ကိုခံနေရကာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကြရသည်ဟု ဒေသခံ တစ်ဦးက AB News သို့ ပြောသည်။

” မိုးကနေ့တိုင်း ရွာတော့ ရေတွေပြည့်လာတယ်။ သွားလာရတာလည်း အဆင်မပြေဘူး။ ဇူလိုင်လ ၄ ရက်နေ့ကတည်းက ရေကြီးနေတာ ဒီနေ့အထိဘဲ။လောလောဆယ်တော့ ဘေးလွှတ်ရာနေကို မပြောင်းရွေ့သေးဘူး။ ဒီထက်ပိုဆိုးလာရင်တော့ ကုန်းမြင့်ပိုင်းသို့ ပြောင်းရွေ့မည်” ဟု ပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေနစ်မြုပ်နေသော ကျေးရွာများမှာ တောင်ဘဇာ၊ နဂရာ၊ ပီရွှက်၊ သရဖီ၊ ဗဟိုပြင်ရွာဟောင်း၊ ဗဟိုပြင်ရွာသစ်၊ ပေါက်ကျပ်ဝ၊ မှိုင်းဇရေ၊သံပုရာ၊ ပန်းကုံးမ၊ဒိုးတန်း၊ ဆင်မအိုကိုင်း၊ အင်းချောင်း၊ ပေါက်ကျပ်ကြီး၊ကျွန်းပေါက်၊ ကျွန်းပေါက်(မူဆလိန်)၊ ဂုပ္ပီ၊ အောင်ဇေယျ၊အိုဗြူ၊ အထက်ကြွီချောင်း၊ အောက်ကြွီချောင်း၊ ကျော်ဦး၊ဂန္ဓရူး၊ င/မြင်းဘော်ရွာသစ်၊ င/မြင်းဘော်ရွာဟောင်း၊ ပန်ဇေ(မူဆလင်)၊ ဘိုကလေ(မူဆလင်)၊ ဘိုကလေရွာသစ်၊ဘိုကလေရွာဟောင်း တို့ဖြစ်ကြသည်။

ဒီရေမြင့်တက်နေခြင်းမှာ ဇူလိုင်လ ၄ ရက်နေ့မှစ၍ ဇူလိုင်လ ၇ ရက်နေ့အထိဖြစ်ကာ ဒီရေလျော့ကျသွားခြင်းမရှိသည့်အပြင် မိုးကလည်း အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေနစ်မြုပ်မှုဒဏ်ကိုခံနေရသည့် ထိုကျေးရွာများမှာ သွားလာနေထိုင်ရေးအတွက် အခက်အခဲကြုံနေကြရသည်။

ဒိုးတန်း ရွာခံသားတစ်ဦးက” ဒီလိုသာ မိုးဆက်တိုင်ရွာပြီး ဒီရေမလျော့သွားရင် ကျွန်တော့တို့ လယ်တွေ၊နွားတွေ၊ကျွဲတွေ ၊ အိုးအိမ်တွေ ပျက်စီးသွားနိုင်တယ်”ဟု ပြောသည်။

ယခုကဲ့သို့ မိုးသန်းထန်စွာရွာသွန်းပြီး ဒီရေဆက်လက်မြင့်တက်နေလျှင် ကျွဲ၊နွား၊လယ်နှင့် အိုးအိမ်များပျက်စီးဆုံးရှုံးသွားနိုင်ခြေရှိသည်ဟု သိရသည်။

လက်ရှိ ရက္ခိုင်တွင် မိုးသည်းထန်စွာရွာသွန်းမူနှင့် အတူ တောင်၊ ချောင်းရေ စီးဆင်းမှုများကြောင့် ဒီရေမြင့်တက်လာနေ၍ မြေနိမ့်ပိုင်းဒေသများမှ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ