
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ သိမ်တောင်ဈေး(မူဆလင်)ရွာကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့တွင် Jet Fighter ၂စီးဖြင့် ၂ကြိမ်အထိ လာရောက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မူဆလင် ၁ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများက အတည်ပြုပြောဆိုသည်။
သေဆုံးခဲ့သူမှာ ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ဈေး(မူဆလင်)ရွာမှ မာမောက်တူးဆောင်းလ် ၃၀နှစ်ကြောင်း စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီအဖွဲ့က သိမ်တောင်ဈေး(မူဆလင်)ရွာကို ဧပြီလ ၁၄ ရက်၊ နေ့လယ် ၁နာရီခန့်အချိန်က ဗုံးကြဲတိုက်ခဲ့ကြောင်း ရွာသား ၁ဦးက AB News သို့ ပြောဆိုသည်။
ပြီးခဲ့တဲ့ ဧပြီလ ၁၄ရက်နေ့က ဗုံးကြဲခံရတာပါ။ Jet Fighter ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဗုံးစထိမှန်ပြီး ရွာသား ၁ဦး သေဆုံးခဲ့ရတယ်။ ဟု
ဒေသခံတစ်ဦးဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ Jet Fighter ၂စီးသည် သိမ်တောင်ဈေး(မူဆလင်)ရွာအား ဧပြီလ ၁၄ရက်နေ့ နေ့လယ် ၁နာရီ ၅၅ မိနစ်အချိန်တွင် တစ်ကြိမ်၊ ၂နာရီ ၅မိနစ်အချိန်တွင် တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲတိုက်မှုအတွင်း သိမ်တောင်ဈေးကျေးရွာမှ လူနေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်ရင်း၊ ဗျူဟာများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
ရက္ခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ပြီးခဲ့နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ယခုနှစ် မတ်လ ၂၁ ရက်နေ့အထိ ၄လကျော်ကာလအတွင်း အရပ်သားသေဆုံးဒဏ်ရာရရှိသူစုစုပေါင်း ၆၄၇ဦး၊ မတရားဖမ်းဆီးခံရသူ ၄၇၁ ဦးနှင့် စစ်ဘေးရှောင်ဦးရေ ၃၅၈၂၀၀ အထိ တိုးလာကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီလ ၄ရက်နေ့တွင် ထုတ်ပြန်သည်။