
AB News – အောက်တိုဘာ ၃၀၊ ၂၀၂၅
ချန်ဒြာ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်တွင် အောက်တိုဘာလ ၂၉ ရက် နံနက်အစောပိုင်းက ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ယာဉ်တိုက်ခံရသည့် ဒဏ်ရာရ အမျိုးသမီးကို လိုက်ထရပ်ယာဉ်ပေါ်တင်ဆောင်ကာ ရွှေပြည်သာစက်မှုဇုန်တွင် စွန့်ပစ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ ရက် နံနက် ၃ နာရီ ၂၈ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ က/ခ ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ ရွှေဝါ ၂ လမ်းထိပ်တွင် လိုက်ထရပ်ယာဉ်တစ်စီးသည် အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် နယ်မြေခံအသင်းအဖွဲ့များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာချိန်တွင် မည်သူကိုမျှ မတွေ့ရှိရကြောင်း ဆိုသည်။
သို့သော် အင်းစိန်ဆေးရုံသို့ လိုက်လံစုံစမ်းရာတွင် လူနာရောက်ရှိလာခြင်းမရှိကြောင်း အတည်ပြုပြီး နောက်ပိုင်းတွင် ကနောင်လူမှုကူညီရေးအသင်းထံမှတစ်ဆင့် အဆိုပါ ယာဉ်တိုက်ခံရသူ အမျိုးသမီးကို ဝင်တိုက်ခဲ့သော လိုက်ထရပ်ယာဉ်မှ ယာဉ်မောင်းနှင့် စပယ်ယာနှစ်ဦးတို့က တင်ဆောင်ကာ ရွှေပြည်သာစက်မှုဇုန် (၄) တွင် လာရောက်စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ကနောင်လူမှုကူညီရေးအသင်းသည် ချက်ချင်းသွားရောက်ကာ ဒဏ်ရာရရှိထားသည့် အမျိုးသမီးကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့သည်။
ယာဉ်တိုက်ခံရသူ အမျိုးသမီးမှာ အသက် ၃၃ နှစ်ခန့်ရှိပြီး ဦးခေါင်းပေါက်ပြဲဒဏ်ရာများနှင့် ခြေသလုံးရိုးကျိုးသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းသည် ဆေးရုံတွင် သတိပြန်ရလာပြီဖြစ်သော်လည်း စကားပြောဆိုနိုင်ခြင်းမရှိသေးသည့် အခြေအနေတွင် ရှိနေသည်။
ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူကို လမ်းဘေးတွင် စွန့်ပစ်ခဲ့သည့် ဖြစ်စဉ်မျိုးသည် ပြီးခဲ့သည့်ရက်ပိုင်းက လှိုင်သာယာမြို့နယ်တွင်လည်း အမျိုးသားတစ်ဦးကို တိုက်မိသည့် ယာဉ်ဖြင့် လမ်းဘေးတွင် စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။