Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ဟု ထပ်မံဖော်ပြ

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း( Lower Pressure Area) တစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု မိုး/ဇလနှင့် မိုးလေဝသခန့်မှန်းသူများက ထပ်မံဖော်ပြထားသည်ကို တွေ့ရသည်။

ထုတ်ပြန်ချက်တွင် ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာမှ ၁၈-၅-၂၀၂၄ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းထားကြောင် မိုး/ဇလ ကဆိုသည်။

အဆိုပါ လေဖိ အားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဆိုထားသည်။

ဘင်္ဂလားပင်လယ်အော်မှာ ပင်လယ်မျက်နှာပြင်အပူချိန် 32°C ~ 31°C အထိမြင့်တက်နေသဖြင့် မေလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းသည် CAT 3 မှ CAT 4 အဆင့်ထိ အင်အားကောင်းနိုင်ကြောင်း မိုးလေဝသ ခန့်မှန်းသူ Su Su San ၏ Facebook Page တွင် ရေးသားဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းအမည်ပေးအလှည့်ကျ နိုင်ငံမှာ အိုမန်ဖြစ်ပြီး Rumal ဆိုင်ကလုန်းနာမည် ဖြင့် အဆိုတင်သွင်းထားကြောင်းလည်း စုစုစံကဆိုသည်။

ထို့အပြင် မေလ ၁၆ ရက် နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ သီရိလင်္ကာကျွန်းအနီးမှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ကြောင်း ECMWF, GFS နဲ့ GEFS model များ၏ ကြိုတင်ခန့်မှန်းသည့် အချက်အလက်များတွင်တွေ့ရကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ Facebook Page တွင်ဖော်ပြထားသည်။

မိုးဦးရာသီအစ မေလ ၁၆ ရက်မှ ဇွန်လ ၃၀ ရက် ကာလအတွင်း ပထမဦးဆုံး စတင်တွေ့ရသည့် ကြိုတင်ခန့်မှန်းချက်ဖြစ်ပြီး သင်္ချာပုံစံပြုမော်ဒယ်များ၏ ထပ်တူကျသည့် ကြိုတင်ခန့်မှန်းချက်လည်းဖြစ်ကြောင်း ဆိုထားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်း အားကောင်းလာမှုရှိ/မရှိကို အချိန်နှင့်တပြေးညီထုတ်ပြန်သွားမည်ဖြစ် ကြောင်း မိုး/ဇလကဆိုထားသည်။ 

မေလသည် မုန်တိုင်း အများဆုံးဖြစ်ပေါ်သည့် လဖြစ်ကြောင်းတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ