
AB News- ဒီဇင်ဘာ ၃၊ ၂၀၂၅
ဒေဝီ
ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဒေါက်တာမိုဟာမက် မွန်(န)ဝါဟူစိန်သည် ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့တွင် စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်းကြီး ဦးသန်းဆွေနှင့် တွေ့ဆုံကာ မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း စကမ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံစဥ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွား ဖြစ်ထွန်းစေမည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် ယခင်လကပင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကော်မရှင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ပေးရန် စကမ၏ တောင်းဆိုမှုကို ငြင်းဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြခဲ့ကြသည်။
တစ်ဖက်တွင် မြန်မာ-ဘင်္ဂလားနယ်စပ်ဖြစ်သည့် ရက္ခိုင်ပြည် ဘူသီးတောင်၊ မောင်တော နယ်စပ်တစ်လျှောက်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး လုံခြုံရေးယူကာ အစောင့်များ ချထားလျက်ရှိကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ရက္ခိုင်ရေပိုင်နက်ထဲသို့ ဆက်တိုက် ငါးခိုးဖမ်းမှုများရှိနေပြီး အဆိုပါငါးဖမ်းဘုတ်များနှင့်အတူ မောင်တောဘက်သို့ အကြမ်းဖက် ARSA အဖွဲ့များ ဝင်ရောက်မှုရှိနေသော်လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များဘက်မှ ထိထိရောက်ရောက် အရေးယူမှု မရှိသည်ကိုလည်း တွေ့ရှိရသည်။