Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗမာပြည်တွင် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရပ်သား ၁၀ ကျော် ရှိခဲ့

စစ်ကောင်စီတပ်၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် ဗမာပြည်တွင် ဒီဇင်ဘာလအတွင်း သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၁၀ ကျော်ရှိခဲ့ကြောင်း ABN သတင်းဌာန၏ မှတ်တမ်းကောက်ယူချက်အရ သိရသည်။

ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်မှ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် အထဲတွင် အသက် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦး ပါဝင်နေခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီတပ်၏ မဆင်မခြင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှ စစ်ဘေးရှောင်နေရသည့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းကလည်း ပဲခူးတိုင်း၊ ကော့ပြင်းမြို့နယ်မှ အသက် ၇ နှစ်အရွယ် မသွန်းဝတီကျော်မှာ တိုက်ပွဲတစုံတရာ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်မှ စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်သည့် ဦးဝင်းမြင့်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့ရသည့် အပြင် စစ်ကိုင်းတိုင်း တပ်ကုန်းမြို့နယ်မှ ကိုနိုင်နိုင်နှင့် ကိုဖိုးဖြူတို့ကို ဒီဇင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်မှ လမ်းပြအဖြစ်ခေါ်ယူသွားရာမှ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ၎င်းတို့နှစ်ဦး၏ အလောင်းများကိုသာ တွေ့ခဲ့ရကြောင်း သိရသည်။

ထို့အပြင် သေဆုံးသွားခဲ့သည့် ကိုနိုင်နိုင်နှင့် ကိုဖိုးဖြူတို့ မသေဆုံးမီအတွင်း စစ်ကောင်စီတပ်မှ ခြေသလုံးအရေခွံခွာကာ ရက်ရက်စက်စက် ညှင်းပမ်းနှိပ်စက်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ရွာမှ အသက် ၂၀ ကျော် လူငယ်နှစ်ဦးနှင့် လူလတ်ပိုင်းအရွယ်နှစ်ဦး သေဆုံးခဲ့ရသည်။ ထိုအထဲမှ လူငယ်တစ်ဦးမှာ စစ်ကောင်စီ ဂျက်ဖိုက်တာမှ ပစ်ခတ်ခဲ့မှုကြောင့် ဦးခေါင်းခွံပွင့်ထွက်ကာ သေဆုံးသွားခဲ့ရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ပဲခူးတိုင်း၊ ပေါက်မြို့နယ်မှ အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက်ကာ လည်လှီးသတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ