ABN-မေအိအိအောင်
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မြေပြိုကျမှုကြောင့် သေဆုံးသွားခဲ့ရသည့် ရခိုင် ၃ ဦးတို့မှာ စစ်တွေ၊ မြေပုံနှင့် မောင်တောမြို့တို့မှ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်၌ ဖားကန့် ၊ နန့်မှော်ကျေးရွာရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုတွင် ကျောက်တူးဖော်နေစဉ် မြေပြိုကျမှုဖြစ်ပြီး ၎င်းတို့ ၃ ဦးနှင့် ရေမဆေးသမားတစ်ဦးတို့အပေါ်သို့ မြေစာပြိုကျသွားခြင်းကြောင့် ၄ ဦးလုံးမှာ သေဆုံးသွားခဲ့ရသည်။
မြေစာပိ၍ သေဆုံးခဲ့ရသူများမှာ မြေပုံမြို့မှ ကိုမောင်မောင်မြင့် အသက် ၃၃ နှစ်၊ မောင်တောမြို့မှ ကိုဇော်မြင့်နိုင် အသက် ၃၇ နှစ်၊ စစ်တွေမှ ကို မောင်မောင် အသက်၃၇ နှစ်နှင့် နောက်ထပ် နေရပ်လိပ်စာအတိကျမသိသေးသည့် ရေမဆေးသမား တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
မြေစာပိသူများအား လူမှုကူညီရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရေမဆေးသမားများ ဝိုင်းဝန်းကူညီရှာဖွယ်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် အလောင်းများကိုသာ ရှာတွေ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းတို့ ၄ ဦး၏ ရုပ်အလောင်းများအား ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက ယမန်နေ့ ဇန်နဝါရီ ၃ဝ ရက်နေ့တွင်ပင် ဆိုင်းတောင်(ဆိပ်မှု)သုသာန်သို့ ပို့ဆောင်ပြီး သင်္ဂြိုလ်ပေးခဲ့ကြောင်းသိရသည်။



