
AB News – ဇူလိုင် ၁၁၊ ၂၀၂၅
ဒေဝီ
ကချင်ပြည်၊ ဖားကန့်မြို့နယ် ခွန်စိုင်ယန်ကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်က ဇူလိုင် ၁၀ ရက်တွင် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။
KIA ပူးပေါင်းတပ်များသည် ဇူလိုင် ၁၀ ရက် နံနက် ၄ နာရီတွင် ခွန်စိုင်ယန်ကျေးရွာ သင်္ချိုင်း၌ အခြေစိုက်ထားသော စစ်ကောင်စီတပ်ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါစခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
ယင်းမတိုင်မီ ဇူလိုင် ၅ ရက် ညပိုင်းကလည်း တနိုင်းမှ ဖားကန့်ဒေသသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်က နမ့်ယားဒေသ၌ ကြားဖြတ် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့ကာ လက်နက်များနှင့် စစ်သုံ့ပန်းများ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် KIA ပူးပေါင်းတပ်များ ကြိုးပမ်းလျက်ရှိရာ တိုက်ပွဲမှာ နှစ်ဝက်ကျော် ကြာမြင့်နေပြီဖြစ်သည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် ဗန်းမော်ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ပြင်ဆင်နေပြီး စစ်ကောင်စီကလည်း မြို့မကျဆုံးရေးအတွက် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။