AB News – ဧပြီ ၉၊ ၂၀၂၅
ဖလန်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး(Operation CB) မှ အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့မှ ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
၎င်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခဲ့ပြီး ၅ လအကြာ ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းအများ အပြားသိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ ဖလန်းမြို့ မကျရှုံးစေရေး အကြိမ်ကြိမ် အင်အားဖြည့်တင်းခြင်းအပြင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁ ထောင်ခန့် ပြုလုပ်ခဲ့ကြောင်း ဆိုသည်။
ဖလန်းမြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ အမြောက်အများ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
စစ်ဆင်ရေးအတွင်း ချင်းညီနောင် နှင့် မဟာမိတ်အင်အားစုများ၏ မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ အာရက္ခတပ်တော်၏ ခဲယမ်းလက်နက်များအပြင် စစ်ရေးအကြံဥာဏ်များနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဖလန်းစစ်ဆင်ရေးအတွင်း ကျဆုံးသွားသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသည့် ရဲဘော်များ ဂုဏ်ပြုမှတ်တမ်းတင်သည့်အပြင် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများတွင် မဟာမိတ်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းလည်း ရေးသားထုတ်ပြန်ထားသည်။