
AB News – ဒီဇင်ဘာ ၁၊ ၂၀၂၅
မောင်လိုကီ
မိုးကုတ်နှင့် မိုးမိတ်မြို့အား စကမ ထံပြန်လည်လွှဲလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်ရပြီး အခက်အခဲများကြောင့် လက်လွှတ်လိုက်ရခြင်းဖြစ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်က ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ၎င်း၏ လူမှုစာမျက်နှာ၌ ရေးသားပြောဆိုထားသည်။
မိုးကုတ်၊ မိုးမိတ်ကို သိမ်းယူစဉ်က ပေးဆပ်နစ်နာခံရသူအတွက် ထပ်တူနာကျင်ရပြီး ပြန်လည်ပေးအပ်လိုက်ရခြင်းအပေါ် TNLA မှ အနူးအညွတ်တောင်းပန်ကြောင်း ဗိုလ်ချုပ် တားဘုန်းကျော် က ဆိုထားသည်။
လက်နက်ခဲယမ်းဝယ်ယူမှုများတွင်လည်း ငွေကြေးအဆင်မပြေမှုများရှိနေပြီး တပ်အင်အား လျော့နည်းလာခြင်းများကြောင့် အပစ်ခတ်ရပ်စဲပြီး မိုးကုတ်နှင့် မိုးမိတ်ကို လက်လွှတ်ပေးခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ ပြောဆိုချက်များတွင် တွေ့ရသည်။
ဗိုလ်ချုပ် တားဘုန်းကျော် “မြောက်ပြန်လေအေး” ခေါင်းစဥ်နှင့် “နှင်းသီးကြွေ ခြေစုံခိုက် ရင်ဝယ်ဆူးစိုက် လောင်မြိုက်မျက်ရည် အို… မိုးကုတ် တောင်းပန်ရန် စကားလုံး မရှိနိုင်တော့ပြီ … မြောက်ပြန်လေက အေးလှသည် …” တောင်းပန်ရေးသားထားသည်ကိုလည်း တွေ့ရသည်။
TNLA တွင် တိုက်ပွဲကာလဖော်ဆောင်ခဲ့သည့် အချိန်မှစ၍လက်နက်အင်အားဖြည့်တင်းမှုများကြောင်း ဒေါ်လာဘီလီယံချီ အကြွေးတင်နေကြောင်း သိရှိရသည်။
စကမနှင့် အပစ်ရပ်ဆဲပြီးနောက် မိုးကုတ်နှင့် မိုးမိတ်မြို့အား ပေးလိုက်ရသည့်အပေါ် ဝေဖန်ပြောဆိုသူများအား တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရားကို လက်ကိုင်ထားစေချင်ကြောင်း ပြောဆိုထားသည်။
၎င်းတို့ TNLA မွေးထုတ်ပျိူးထောင်ပေးခဲ့သော တပ်များက မိုးကုတ်ကို ပြန်သိမ်းခြင်းကို မြင်ချင်ကြောင်းနှင့် တော်လှန်ရေးတပ်ပေါင်းစုများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုအခါ မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က ဝင်ရောက်နေယူပြီးဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က မိုးမိတ်မြို့ကို ဝင်ရောက်ရန်လာသည့် စကမ စစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် တော်လှန်ရေးတပ်ပေါင်းစုများက မိုးကုတ်နှင့် မိုးမိတ်မြို့သွားရာလမ်းကြား လမ်းခုလတ်တစ်နေရာတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။