
AB News – ဧပြီ ၂၈ ၊ ၂၀၂၅
ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်နေရသော ပြည်သူများ၏ နေအိမ်များကို လိုက်လံဖောက်ထွင်းခိုးယူနေသည့် စစ်ကောင်စီတပ်သားများအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၏ ဧပြီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဧပြီလ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် စစ်ဘေးရှောင် နေအိမ်များကို ဖောက်ထွင်းခိုးယူနေသော စစ်ကောင်စီတပ်သားများ ထောင်ကြန်အုပ်စု ၊ ဆားချက်ရွာထိပ် ကြိုးတံတားပေါ်သို့ တက်လာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တပ်သားများ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုသို့ စောင့်ကြို တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်သားများပစ်ခတ်လိုက်သည့် ၄၀ မမ ဗုံးသီး ၂ လုံး နှင့် လက်နက်ငယ်ကျည်များထိမှန်၍ အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦး ယင်းနေရာ၌ပင် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ထားသည်။
နောက်ထပ်လည်း မကြာခက ထိတွေ့တိုက်ပွဲများ ဖြစ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီအနီး သွားလာနေထိုင်မှုများမပြုလုပ်ကြရန် နှင့် စစ်ရှုံး အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများကို ဦးတည်၍ လေကြောင်းတိုက်ခိုက်မှုများအပြင် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်း နှင့် လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်မှုများကို ပြုလုပ်နေသည့်အတွက် အထူးသတိထားနေထိုင်ပေးကြရန် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ သတိပေးပြောဆိုထားသည်။