
ABN-မေအိအိအောင်
ပဲခူးတိုင်း ၊ မူးမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တွင်ရှိသော စစ်ကောင်စီတပ်စခန်း ၄ ခုကို KNLA ပူးပေါင်းတပ်တို့ တပြိုင်တည်း၀င်တိုက်ခဲ့ပြီး တပ်စခန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီမှ ဒုတပ်ရင်းမှူးအပါအ၀င် ၁၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းစခန်း ၄ ခုကို ယမန်နေ့ ဧပြီ ၂၂ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် တပ်စခန်း ၂ခု သိမ်းပိုက်နိုင်ခဲ့ကြောင်းကို ယနေ့ ဧပြီ ၂၃ ရက်နေ့တွင် KNU ဗဟိုမှ သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့က တိုက်ခိုက်ခဲ့သော စစ်ကောင်စီစခန်းများမှာ မူးမြို့နယ်မှ နောင်ကုန်းစခန်း နှင့် ရန်မျိုးအောင်စခန်း၊ ကျောက်ကြီးမြို့နယ်မှ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းတို့ဖြစ်သည်။
ယင်းစခန်းများမှ KNLA ပူးပေါင်းတပ်တို့ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းကို သိမ်းပိုက်ခဲ့ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိကြောင်းသိရသည်။
ပူးပေါင်းတပ်တို့ စခန်းသိမ်း ပြန်ဆုတ်ခွာလာချိန် ကျောက်ကြီးမြို့နယ်ရှိ ညောင်တန်း၊ ညောင်ကုန်းနှင့် နရွဲပင်ရွာတို့တွင် စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် ၄ ကြိမ်၊ တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ပွဲအတွင်း KNLA တပ်မဟာ ၃ တပ်ပေါင်းစုဘက်မှ ရဲဘော် တစ်ဦးကျဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

