
ABN-နွယ်စိုး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ကြက်မွေးမြူးရေးခြံ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက်ကြောင့် ခြံအတွင်းရှိ ကြက်သားပေါက် အကောင် ၃၀၀ကျော် မီးလောင်၍ သေဆုံးမှုဖြစ်ခဲ့ကြောင်း ယနေ့ခေတ်မီဒီယာသတင်းအရ သိရသည်။
ယနေ့ နံနက်အစောပိုင်း ၄ နာရီဝန်ကျင်းက ဖြူးမြို့နယ်၊ ရေလျှံကြီးကျေးရွာအုပ်စုမှ ခုံတဲကျေးရွာတွင် မီးလောင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုမီးလောင်မှုတွင် ကြက်ခြံလုပ်ငန်းလုပ်ကိုင်တစ်ဦးက ကြက်သားပေါက်များကို မီးသွေးမီးဖိုဖြင့် အပူပေးနေရင်း ကြမ်းခင်းသို့ မီးကူးစက်လောင်ခဲ့သောကြောင့် မီးထိန်းမရ ဖြစ်ပြီး ကြက်သားပေါက်ကောင် ၃၀၀ကျော် မီးလောင်ကာ သေဆုံးသွားခဲ့ရကြောင်း သိရသည်။
အဆိုပါမီးကူးစက်လောင်ကျွမ်းရာ၌ အချိန်မီ မီးမထိန်းနိုင်ခဲ့သည့်အတွက်ကြောင့် ထိုနေရာတွင် ဆောက်လုပ်ထားသော ကြက်ခြံများဖြစ်သည့် တောင်ထန်းမိုး၊ ဝါးခင်း၊ ဝါးကာကြက်ခြံ ၂ ခြံနှင့် ကြက်သားပေါက်အကောင် ၃၀၀ကျော် သေဆုံးခဲ့ရပြီး ခြံလုပ်ငန်းလုပ်ကိုင်သူအား အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ထိုကြက်ခြံမီးလောင်မှုကို ၄ နာရီ ၄၈ မိနစ်တွင် ဖြူးမြို့နယ်မီးသတ်စခန်းက မီးငြိမ်းခဲ့ကြောင်း ဒေသသတင်းအရသိရသည်။



