
AB News – ဇူလိုင် ၂၄၊ ၂၀၂၅
ချန်ဒြာ
ပဲခူးတိုင်း၊ အုပ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား ၁၅၀ ကျော်သည် ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်များက ဇူလိုင် ၂၃ ရက်နေ့ ၊ နံနက် ၅ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တစ်နာရီခန့် ကြာမြင့်ခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲကို သာယာဝတီခရိုင် ပကဖ၊ အမှတ် (၁) တိုက်ခိုက်ရေးတပ်ဖွဲ့၊ မိုးညိုပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သာယာဝတီခရိုင် (၃၈၀၁)၊ တပ်ခွဲ (၅) နှင့် ဇီးကုန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့ နံနက် ၇ နာရီ ၂၂ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် စစ်ကောင်စီကားတစ်စီးကို PDF က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာသော ရဲတပ်သား ၂ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားနှင့် ရဲကားတစ်စီးကို မီးရှို့နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား နေရာအနှံ့အပြားတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ သိန်းနှင့်ချီသော ပြည်သူများမှာ အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြရသည်။