
AB News – သြဂုတ် ၁၄၊ ၂ဝ၂၅
နွယ်စိုး
ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ ပေါက်တောမြို့နယ်၊သဝင်ချောင်းကျေးရွာမှ အသက် (၅၇)နှစ်အရွယ် ဒေါ်စောမြယဥ် ဖြစ်သည်။
ဒေါ်စောမြယဥ်သည် ယမန်နေ့ သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်း ၇နာရီကျော်တွင် တောင်ညိုကျေးရွာသို့ ကျောင်းတက်ရန် သွားသော မောင်ဇော်ဟိန်းလင်း ဆိုင်ကယ်ဖြင့် လမ်းကြုံလိုက်ခဲ့သည်။
လမ်းတွင် မိုးရွာသဖြင့် ဒေါ်စောမြယဉ်က ထီးဖွင့်လိုက်ရာ လေတိုက်ခတ်မှုကြောင့် ထီးနှင့်အတူ ဆိုင်ကယ်ပေါ်မှ နောက်ပြန်ပြုတ်ကျခဲ့ပြီး ဦးခေါင်းတွင် ပြင်းထန်သော ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
” ကျောင်းတက်ဖို့သွားတဲ့ မောင်ဇော်ဟိန်းလင်းဆိုင်ကယ်နဲ့ လမ်းကြုံလိုက်တာ။ လမ်းမှာ မိုးရွာလို့ ထီးဖွင့်တယ်။ လေတိုက်တဲ့အတွက် ဆိုင်ကယ်ပေါ်က ပြုတ်ကျခဲ့တာ ဖြစ်တယ်” ဟု ဆိုသည်။
ယင်းကြောင့် ဒေါ်စောမြယဉ်၏ ဦးခေါင်းတွင် ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်သော လမ်း၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ဒေသတွင်း ဆိုင်ကယ်စီးနင်းမှုဆိုင်ရာ စည်းကမ်းများဖြစ်သည့် “ဆိုင်ကယ်တစ်စီးတွင် လူ ၂ ဦးထက်ပိုမစီးရ” နှင့် “ဆိုင်ကယ်စီးပါက ဦးထုပ်ဆောင်းရမည်” ဟူ၍ သတ်မှတ်ထားသည်။
ထို့အပြင် စည်းကမ်းချက်ဆိုင်းဘုတ်များကိုလည်း လမ်းဆုံလမ်းခွများတွင် ချိတ်ဆွဲထားကာ အာရက္ခစစ်သည်တော်များနှင့် DLEPS တပ်ဖွဲ့ဝင်များကလည်း စည်းကမ်းလိုက်နာရန် ပြည်သူများကို တိုက်တွန်းလျက်ရှိကြောင်း သိရသည်။