
AB News – သြဂုတ် ၁၈၊ ၂၀၂၅
နွယ်စိုး
ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ကန်ချောင်းကျေးရွာတွင် အသက် ၂၁ နှစ်အရွယ် G-12 ကျောင်းသား ၁ ဦးဖြစ်သူ မောင်အောင်မြင့် သည် ကတ်ကြေးဖြင့် အထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၁၆ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် မောင်အောင်မြင့်သည် တစ်ရွာတည်းနေ အသက် ၂၀ နှစ်အရွယ် မောင်ညီချေ နှင့်အတူ အရက်သောက်ပြီး ဘိလိယက်ထိုးသည့် ကိစ္စဖြင့် စကားများခဲ့ကြကြောင်း သိရသည်။
ထိုသို့ စကားများပြီးနောက် မောင်ညီချေသည် မောင်အောင်မြင့်၏ နေအိမ်လမ်းကြားတွင် စောင့်နေခဲ့ပြီး ၎င်း ပြန်လာချိန်၌ ယူဆောင်လာသော ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ဘိလိယက်ခုံမှာ ဘိလိယက်ထိုးမယ့်ကိစ္စနဲ့ ၂ ယောက် စကားများကြတယ်။ အဲ့တာကို ဟိုကောင်က အရက်လည်းမူးနေတော့ ဘာမဟုတ်တာလေးကို အငြိုးထားပြီး ကတ်ကြေးနဲ့ ထိုးသတ်သွားတာ” ဟု ဆိုသည်။
မောင်အောင်မြင့်သည် ရင်ဘတ်၊ ဘယ်ဘက်လက်မောင်းနှင့် ကျောဘက်တို့တွင် ပြင်းထန်သော ထိုးသွင်းဒဏ်ရာများ ရရှိကာ သေဆုံးခဲ့သွားခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ မောင်ညီချေကို အာရက္ခပြည်သူ့တော်လှန်အစိုးရ (DELPS) အဖွဲ့ဝင်များက ကန်ချောင်းရွာ၏ မြောက်ဘက်ရှိ သင်္ချိုင်းလားလမ်းတွင် လိုက်လံရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။