သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ အသက် ၅ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံး

​AB News – နိုဝင်ဘာ ၂၊ ၂၀၂၅
နွယ်စိုး

​ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာရှိ လမ်းခွဆုံ တစ်ခုတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အသက် ၅ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးသွားကြောင်း AB News က စုံစမ်း သိရသည်။

​သေဆုံးသွားသူမှာ သရက်ချိုကျေးရွာမှ အဖ ဦးမောင်တင်ဦး၏ သမီး အသက် ၅ နှစ်အရွယ် မခိုင်မျိုးနွယ် ဖြစ်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လယ် ၃ နာရီ ၃၀ မိနစ်ခန့်က သရက်ချိုရွာ လမ်းခွဆုံတွင် မခိုင်မျိုးနွယ်သည် သူငယ်ချင်းများနှင့် ကစားနေစဉ် ယာချောင်းရွာမှ အသက် ၂၇ နှစ်အရွယ် မောင်ငွေစိုး မောင်းနှင်လာသော သုံးဘီးဆိုင်ကယ်နှင့် မတော်တဆ တိုက်မိခဲ့ရာ ဒဏ်ရာပြင်းထန် ရရှိကာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ရွာထဲက လမ်းခွဆုံမှာ ကလေးတွေက နေ့တိုင်း ကစားနေကြတာပါ။ အဲဒီနေ့မှာပဲ ပန်းနီလာမှာ လေယာဉ်နဲ့ ဗုံးကြဲတယ် ကြားတော့ လမ်းသွားလမ်းလာ ပြည်သူတွေက အမြန် မောင်းနှင်ကြတယ်။ ဒါကြောင့် မတော်တဆ တိုက်မိခဲ့တယ်။ ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်တယ်”ဟုဆိုသည်။

​လမ်းသွားလမ်းလာ အရပ်သားပြည်သူများသည် ဗုံးထပ်မံ ကြဲချမည်ကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာနေရာများသို့ စစ်ဘေးရှောင်နေကြစဉ် ယာဉ်မတော်တဆ ဝင်တိုက်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

​ယာဉ်တိုက်မှုကြောင့် မခိုင်မျိုးနွယ်သည် ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူခဲ့သည်။

ဒဏ်ရာ ပြင်းထန်သောကြောင့် နောက်ဆေးခန်းတစ်ခု သို့ ထပ်မံလွှဲပြောင်းခဲ့သော်လည်း ယင်းနေ့ည ၈ နာရီခန့်တွင် ဆေးကုသမှုခံယူနေစဥ်အတွင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

​ယာဉ်မောင်းနှင်သူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယာချောင်းရွာမှ အဖ ဦးမောင်သိန်းအောင်၏ သားမောင်ငွေစိုးဖြစ်ပြီး လက်ရှိ သရက်ချိုရွာတွင် စစ်ဘေးရှောင်အဖြစ် ခိုလှုံနေသူတစ်ဦး ဖြစ်သည်။

​သေဆုံးသူ မခိုင်မျိုးနွယ်၏ ရုပ်အလောင်းအား မိသားစုဝင်များက သရက်ချိုရွာသို့ ပြန်လည်ယူဆောင်လာပြီး နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ယဥ်မောင်းသူအမျိုးသားအား သက်ဆိုင်ရာ ဒီလပ်စခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

​ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့၊နေ့လယ် ၁၁ နာရီကျော်ခန့်တွင် စစ်ကော်မရှင်တပ်မှ ပန်းနီလာရွာနှင့် ပုဏ္ဏားကျွန်းမြို့ဘက်သို့ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ၄ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ