
AB News – ဇူလိုင် ၁၁၊ ၂၀၂၅
နွယ်စိုး
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်နိုင်ငံအနေဖြင့် မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန်နှင့် ကုန်သွယ်ခွန် ကောက်ခံမှုနှုန်းထားများကို ပြန်လည်ညှိနှိုင်းပေးရန် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ထံ တောင်းဆိုလိုက်သည်။
ဇူလိုင်လ ၇ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဂျပန်နှင့် တောင်ကိုရီးယားအပါအဝင် နိုင်ငံများမှ ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံသွားမည့်အကြောင်း အကြောင်းကြားစာပေးပို့ခဲ့သည်။
ထို့တုံ့ပြန်သည့်အနေဖြင့် ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှ ထုတ်ကုန်များအပေါ် အမေရိကန်နိုင်ငံက ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံပေးရန် ပြန်လည်တောင်းဆိုခဲ့သည်။
ထို့ပြင် အမေရိကန်မှ ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံက သုညရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားမည်ဖြစ်ကြောင်းလည်း အဆိုပြုခဲ့သည်။
အမေရိကန်၏ အကြောင်းကြားစာတွင် သြဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာ့ပို့ကုန်များအတွက် အခွန်နှုန်းထားကို ၄၄ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်မည်ဟု ဖော်ပြထားသည်။
အခွန်ကိစ္စများအပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများကိုလည်း ရုပ်သိမ်းပေးရန် မင်းအောင်လှိုင်က ၎င်း၏သဝဏ်လွှာတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။
ကုန်သွယ်ခွန်ကောက်ခံသည့် ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းရန် လိုအပ်ပါက မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို အမေရိကန်သို့ စေလွှတ်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ ထရမ့်အား တောင်းဆိုထားသည်။