Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့ပေါ်မှ ရပ်ကွက် ၁ ခုကို ညမထွက်ရအမိန့် စစ်ကောင်စီတပ် ထုတ်ပြန်

ပလက်ဝမြို့ပေါ်မှ ရပ်ကွက် ၁ ခုကို ညမထွက်ရအမိန့် စစ်ကောင်စီတပ် ထုတ်ပြန်

ABN-ရှိုင်းမိုး

ဧပြီလ ၂၉ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့ပေါ်မှ ပလုတ်တောင်ရပ်ကွက်တစ်ခုတည်းကို စစ်ကောင်စီတပ်က ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပလုတ်တောင်ရပ်ကွက်အနီးရှိ ရပ်တော်မူဘုရားတည်ထားသော တောင်ပေါ်တွင် စစ်ဆေးရေးဂိတ်ချပြီး တပ်စွဲနေထိုင်ကြသည်ဟုသိရသည်။

ထိုတပ်စွဲနေထိုင်သောဂိတ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများကိုခေါ်ယူ တွေ့ဆုံပြီး ည ၇နာရီမှ နံနက် ၅နာရီအထိ ညမထွက်ဟုအမိန့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ပလုတ်တောင်ရပ်ကွက်မှ ‌ဒေသခံများသည် အနီးရှိမြစ်တွင် ငါးရှာသည့်အလုပ်ကိုလုပ်ကိုင်၍ စားသောက်နေကြရသူများဖြစ်သည်။

ယခုကဲ့သို့ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်သောကြောင့် စားဝတ်နေရေးကို ထိခိုက်လာနိုင်ကြောင်း ပလုတ်‌တောင်ရပ်ကွက်မှ ဒေသခံတစ်ဦးကABN သို့ပြောသည်။

“ညမထွက်ရအမိန့်ကိုဖျက်သိမ်းထားတာကြာပါပြီ၊ ကျွန်တော်တို့က ငါးရှာပြီးစားနေရတာပါ၊ တခြားအလုပ်တွေလည်း မရှိပါဘူး၊ ငါးရှာရတာက နေ့ခင်းဖက်တွေထက် ညဖက်တွေမှာ ရှာရတာများပါတယ်၊ ငါးကို ညနေရှာပြီး မနက်ကျရင် ဈေးမှာသွားရောင်ပါတယ်၊ အခုလို ညမထွက်ရအမိန့်ထုတ်လိုက်တော့ ဘယ်အချိန်ရှာပြီးလုပ်စားရမှာလဲ” ဟု၎င်းကပြောသည်။

“ရပ်ကွက်ထဲလှည့်အော်သွားကတည်းက ဘာကြောင့်ဒီနားပတ်ဝန်းကျင်တခုတည်းကို အမိန့်ထုတ်ရတာလဲဆိုပြီး တွေးနေကြတာ။ကျနော်တို့ငါးရှာသမားတွေက မြစ်ထဲမှာ ကွန်တွေဘာတွေချပြီးရင် ညအိပ်ပြီးစောင့်ရတယ်။မနက်အာရုံတက်တာနဲ့ငါးဖော်ပြီး စျေးကိုအမှီပြေးရတယ်။အခု ညလည်းမထွက်ရ၊မနက်၅နာရီမှပဲ ငါးတွေသွားဖော်မယ်ဆိုရင် စျေးကိုဘယ်အချိန်သွားပြီး ငါးရောင်းရတော့မှာလဲ” ဟုဆိုသည်။

ပလက်ဝမြို့သည် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် တို့နှစ်ဖက်တိုက်ပွဲဲဖြစ်ပွားချိန်ကာလတွင် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄)ထုတ်ပြန်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ညမထွက်ရအမိန့်ကို ပြန်လည်ပယ်ဖျက်ပြီး လွတ်လပ်စွာ သွားလာခွင့်ပြုထားခဲ့သည်။

ရခိုင်တွင်လည်း အချို့မြို့နယ်များတွင် ညမထွက်ရအမိန့်များ အသက်ဝင်နေဆဲဖြစ်ပြီးသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ