
AB News – ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆
ပလက်ဝမြို့နယ်၊ တွီကင်းဝကျေးရွာတွင် နေအိမ်များ မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ပါတီခရိုင်ရုံးမှ ဦးဆောင်ပြီး တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀ သိန်းနှင့် စားနပ်ရိက္ခာ တစ်လစာ ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ပလက်ဝပါတီခရိုင်ရုံးမှ ဦးဆောင်ပြီး ပါတီမြို့နယ်ရုံး၊ မြို့နယ်အုပ်ချုပ်ရေး၊ HDCO ရုံး၊ လူငယ်စင်တာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ သွားရောက် ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
မီးလောင်ပျက်စီးခဲ့သည့် အိမ်ထောင်စု ၉ စုအတွက် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁၀ သိန်းနှင့် စားနပ်ရိက္ခာ တစ်လစာကို ထောက်ပံ့ကူညီခဲ့ကြောင်း ပလက်ဝပါတီ ခရိုင်ရုံးမှ တာဝန်ရှိသူတစ်ယောက်က ပြောသည်။
၎င်းအပြင် ပွင့်လင်းရာသီ ရောက်လာသည့်အတွက် မီးဘေးအန္တရာယ်ကို အထူးသတိထား သုံးစွဲကြရန် အာရက္ခပြည်သူတော်လှန်ရေးအစိုးရ၏ မီးသတ်ဌာနမှ မြို့ရွာများတွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ ဆိုင်းဘုတ် စိုက်ထူပေးခြင်းများနှင့် အသံချဲ့စက်ဖြင့် လိုက်လံဆော်သြ ပေးခြင်းများကို ဂရုတစိုက် လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်း လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က အရေးပေါ်ပစ္စည်း ၁၆ မျိုးကို သွားရောက် ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။