AB News – မတ် ၂၇၊ ၂၀၂၅
ပလက်ဝဒေသအတွင်းရှိ ဆမီးမြို့နယ်၊ စောနီကနောင် ကျေးရွာတွင် တောင်ယာမီးရှို့မှုကြောင့် အမျိုးသား ၁ ဦး မီးလောင်ကာ ပြင်းထန်ဒဏ်ရာရသွားကြောင်း AB News က သတင်းရရှိသည်။
မတ်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ဦးခူနီသည် တောင်ယာမီးရှို့နေစဉ် လေပြင်းတိုက်ခတ်မှုကြောင့် မီးအရှိန်ပြင်းထန်ပြီး မီးထဲတွင် ပါသွားခဲ့သည်။ ထိုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းကာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
လက်ရှိတွင် မီးလောင်ဒဏ်ရာရရှိသူ ဦးခူနီသည် နီးစပ်ရာ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
မတ်လ ၉ ရက်နေ့က ပလက်ဝမြို့နယ်၊ အောက်သဲမဝကျေးရွာတွင် မီးဘေးပေါ့ဆမှုကြောင့် နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့သည်။
ထို့အပြင် ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ပလက်ဝဒေသရှိ သမိန်မြို့တွင် ကလေးငယ် ၂ ဦး မီးနှင့်ဆော့ကစားရာမှ နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့သည်။
လက်ရှိတွင် ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ မောင်တော ၊ ပေါက်တောမြို့တို့တွင် မီးလောင်မှုများလာသည်ကို တွေ့ရှိရသည်။
အပူချိန်လွန်ကဲသည့် နွေရာသီတွင် မြို့ ၊ ကျေးရွာများအတွင်း မီးလောင်ကျွမ်းခြင်း ရှိနေသည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးသတိပေးစကားများ ကို ULA / AA နှင့် ပြည်သူလူထုများပူပေါင်း၍ လုပ်ဆောင်နေကြောင်းသိရသည်။