
AB News – ဧပြီ ၂၄၊ ၂၀၂၅
ပလက်ဝမြို့နယ်တွင် မုဒိမ်းမှုကျူးလွန်ခဲ့သည့် အာရက္ခတပ်တော် မှ တပ်သား ၂ ဦးကို ပြစ်မှုနှင့်ထိုက်တန်သော ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဦးခိုင်သုခက “အဲ့ဒီ မုဒိမ်းမှု ကျူးလွန်တယ်ဆိုတဲ့ ကိစ္စက မှန်ပါတယ်ခင်ဗျာ။ ဒီကိစ္စကတော့ ပလက်ဝမြို့နယ်၊ စိမ့်စင်းဝကျေးရွာမှာ ဖြစ်ပွားသွားခဲ့တာပါ။ ပြစ်မှုဖြစ်ပွားတဲ့ နေ့ကတည်းက အဲ့ဒီပြစ်မှုကျူးလွန်တဲ့ ရဲဘော် နှစ်ယောက်ကို ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ အခုကတော့ သူတို့ကို စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီကိစ္စမှာ တရားမျှတမှု ရရှိဖို့အတွက် ပြစ်မှု ပြစ်ဒဏ်မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။
ပလက်ဝမြို့နယ်၊ စိမ့်စင်းဝကျေးရွာမှ ခူမီးအမျိုးသမီးတစ်ဦးကို ပြီးခဲ့သည့် ဧပြီလ ၅ ရက်၊ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် AA တပ်သားနှစ်ဦးက မုဒိမ်းမှုကျူးလွန်ခဲ့ပြီး ထိုတပ်သားနှစ်ဦးကို အခင်းဖြစ်ပွားသောနေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်း၍ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
မုဒိမ်းကျင့်ခံခဲ့ရသည့် ခူမီးအမျိုးသမီးသည် ကလေးမိခင်တစ်ဦးဖြစ်ကြောင်း သိရသည်။