
AB News – မတ် ၄၊ ၂၀၂၆
ပလက်ဝဒေသတွင် စစ်/ရဲသုံ့ပန်း အပါအဝင် အရပ်ဖက်အကျဉ်းသား ၃၀ ခန့်ကို အာရက္ခတပ်တော်မှ ယနေ့ မတ်လ ၄ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လွတ်ငြိမ်းခွင့်နှင့် လွတ်မြောက်လာသူများတွင် စစ်ဘက်မှသုံ့ပန်း ၁၆ဦး၊ ရဲဘက်ဆိုင်ရာမှ သုံ့ပန်း ၁ ဦးအပါအဝင် မိသားစုဝင် ၅ ဦးနှင့် အရပ်သားဖက်အကျဉ်းသား ၈ ဦး စုစုပေါင်း ၃၀ ဦး ဖြစ်ကြောင်း သိရှိရသည်။
၎င်းတို့ကို ယနေ့ မတ်လ ၄ ရက်နေ့ နံနက် ၈နာရီခွဲအချိန်တွင် လွတ်ငြိမ်းပေးခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ မှာ အာရက္ခတပ်တော်၏ ဒု-စစ်ဦးစီးချုပ် ဒေါက်ညိုထွန်းအောင်၏ ၄၅နှစ်ပြည့် မွေးနေ့ဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့က လူ့အခွင့်အရေးကို တန်ဖိုးထားကြတဲ့သူတွေပါ။ ဒါ့ကြောင့် လူသားချင်းစာနာထောက်ထားပြီး စစ်/ရဲသုံ့ပန်းတွေနဲ့ အရပ်ဖက်အကျဥ်းသားတချို့ကို လွှတ်ပေးတာပါ” ဟု အာရက္ခတပ်တော် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက We Love Paletwa ကို ပြောကြားထားသည်ကို တွေ့ရှိရသည်။
စစ်သုံ့ပန်းနှင့် အကျဉ်းသား လွတ်ငြိမ်းခွင့်ပေးခြင်းမှာ ၁ဝ ကြိမ်မြောက်ဖြစ်ပြီး ပလက်ဝဒေသအပါအဝင် အာရက္ခတပ် ထိန်းချုပ်ဒေသများမှ သုံ့ပန်းနှင့် အကျဉ်းသားဦးရေ ၂၀၀၀ ခန့် လွတ်ငြိမ်းခွင့်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။