
AB News – ဇူလိုင် ၂၈ ၊ ၂၀၂၅
ချန်ဒြာ
ပလက်ဝမြိုနယ် ရွှေလိုက်ဝကျေးရွာမှ ကျောင်းဆရာ ၁ ဦးသည် ရှင်းလက်ချောင်းကို ဖြတ်ကူးစဉ် ရေစီးသန်သည့်အတွက် ရေနစ်မျော ပျောက်ဆုံးနေကြောင်း သိရသည်။
ပျောက်ဆုံးနေသူမှာ ရွှေလိုက်ဝကျေးရွာမှ အသက် ၁၈ နှစ်အရွယ် ကျောင်းဆရာ မောင်ကိုဇာ ဖြစ်ကြောင်း သိရသည်။
၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရာရီတောင်ကျေးရွာမှ ရွှေလိုက်ဝကျေးရွာသိုအပြန် ရှင်းလက်ချောင်းကို ဖြတ်ကူးစဉ် ရွှေလိုက်ဝဆိပ်ကမ်းသို့ မရောက်မီအချိန်တွင် ရေစီးသန်သည့်အတွက် ရေနှင့်မျောပါပျောက်ဆုံးနေကြောင်း သိရသည်။
ကျောင်းဆရာ ရေနစ်ပျောက်ဆုံးသွားသည့်အချိန်မှစ၍ ယနေ့အချိန်ထိ ၎င်းအားရှာမတွေ့သေးကြောင်း သိရသည်။
အဆိုပါ ရေနစ်မြုပ်သေဆုံးမှုဖြစ်စဥ်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရွာသားများပူးပေါင်း၍ လိုက်လံ ရှာဖွယ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင်လည်း ရသေ့တောင်မြိုနယ်ရှိ ခွဆုံရွာချောင်းကို ဖြတ်ကူးစဉ် အမျိုးသား ၁ ဦးရေနစ်မြုပ်သေဆုံးသွားခဲ့ရသည်။
ထို့ပြင် ဇူလိုင်လ ၂၄ ရက်နေ့ ည ၈ နာရီခန့်က မြေပုံမြို့နယ်၊ မြိုင်သာရပ်ကွက်မှ အသက် ၄၈ နှစ်အရွယ် ဦးဦးသာကျော်သည် တောင်စိုင်ကျေးရွာအနီးရှိ ပုစွန်တာသို့ ပိုက်ထောင်ရန် သွားစဥ် ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။