
ABN-ရှိုင်းမိုး
ယနေ့ နံနက် ၉နာရီခွဲအချိန်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး၊ (Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိသည်ဟုခန့်မှန်းကြောင်း မိုးဇလထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တို့တွင်ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားရပ်ဝန်းသည် နောက် ၁၂နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)သည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ မေလ ၁၂ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော်အရှေ့ အလယ်ပိုင်းသို့ရောက်ရှိကာ ထိုမှတဆင့် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်း သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရသည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေသည်။