
ABN-မေအိအိအောင်
ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း ဒေါတမကြီးအုပ်စုမှ ကရင်နီတပ်ပေါင်းစု နှင့် စကစ တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အကျအရှုံးများကြောင်းသိရသည်။
အကျဆုံးများသည့် စကစတပ်သည် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က စစ်ကြောင်း ၃ ကြောင်းဖြင့် ကျူးကျော်ထိုးစစ်ဆင်လာပြီး ကရင်နီ တပ်ပေါင်းစုနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စကစတပ်ဘက်မှ အထိနာ၍ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ပြီး ရဟတ်ယာဉ်များဖြင့်လည်း လာရောက် ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။
ဒေါတမကြီးတိုက်ပွဲအတွင်း စကစ အများအပြားသေဆုံးပြီး တပ်ရင်းတစ်ရင်းစာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီစစ်ဘက်သတင်းများအရသိရသည်။
တိုက်ပွဲမှာ မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်အထိပြင်းထန်ခဲ့ကြောင်းသိရသည်။
ယမန်နေ့ မတ် ၂၄ ရက်နေ့တွင် ကရင်နီ ဘောလခဲမြို့နယ်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသောကြောင့် ဒေသခံပြည်သူနှစ်ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့သည်။
အလားတူ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် စကစ လေယာဉ်သုံးတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့ မနက်ကလည်း ထိုင်း မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်တွင် စစ်ကောင်စီတပ်နှင့် KNLA, KNU တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။


