
AB News- ဇူလိုင် ၈၊ ၂၀၂၅
ဒေဝီ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ သုခ ခံစစ်စခန်းကို KNLA ၊ PDF တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းတစ်ခုကိုလည်း ထပ်မံ ပိတ်ဆို့ထားကြောင်း သတင်းအရင်းမြစ်များမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့က KNLA နှင့် PDF ပူးပေါင်း တပ်များက ထားဝယ်ခရိုင်၊ စစ်ကောင်စီတပ်၏ သုခ ခံစစ်တပ်စခန်းကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးနီးပါး ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးသွားကြကြောင်း သိရသည်။
အဆိုပါစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး အထိုင်ချ တပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဧပြီလနှင့် ဇွန်လအတွင်း KNLA နှင့် PDF ပူးပေါင်းတပ်များက ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထဗျူဟာစခန်း၊ ထီးခီးစစ်စခန်း၊ ဗောဓိစစ်စခန်းနှင့် ငါးရံ့နီစခန်းတို့ကို သိမ်း ပိုက်ခဲ့ပြီး ယခု သုခစခန်း အပါအဝင် စုစုပေါင်း စစ်တပ်စခန်း ၅ ခုကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်တွင် နတ်အိမ်တောင်စခန်းတစ်ခုသာ ကျန်ရှိပြီး အဆိုပါစခန်းမှာလည်း စစ်သား ၃၀ နှင့် ၅၀ ဦးအကြားသာရှိသည့် စစ်ကောင်စီတပ်စခန်း တစ်ခုဖြစ်ပြီး ယင်းစခန်းကို သိမ်းပိုက်ရရှိပါက ထားဝယ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။