တနင်္သာရီတိုင်း ထား၀ယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသက ထား၀ယ်ရေနက်ဆိပ်ကမ်းရဲစခန်းတစ်ခုအား ဒေသကာကွယ်ရေး တပ်ဖွဲ့ PDF များက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ၂၆ ရက်နေ့က ထုတ်ပြန်သည့် Dawei Guerrilla Revolutionary Force-DGRF အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ၂၄ရက်နေ့ နံနက်၇ နာရီ ၁၅ မိနစ်က ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲမှာ ၁ နာရီခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ရဲတပ်သား ၂ ဦး ကျဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိ သွားသည်ဟု ဖော်ပြထားသည်။
PDF ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုမရှိဘဲ ဘေးလွတ်ရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြောကြားထားသည်။
Dawei Guerrilla Revolutionary Force-DGRF ၊ Launglone People Defence Force -LLPDF ၊ က္လားသစ္ဏတ်ပြည်သူ့ ကာကွယ်ရေးအဖွဲနှင့် YTB-PDFအဖွဲ့တို့ ပူးပေါင်းကာ ရဲစခန်းကို၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရှိရသည်။
ထို့အပြင် PDF တပ်ဖွဲ့များသည် ပျောက်ကျား ထိုးစစ်များဖြင့် အလျဥ်းသင့်သလို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပြီး ပြည်သူများအနေဖြင့်လည်း ရဲကားနဲ့ကပ်၍လိုက်ခြင်း၊ ယှဥ်တွဲသွားလာခြင်း၊ တပ်စခန်း၊ ရဲစခန်းများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အဦးများနှင့် ဝေးဝေးနေကြရန်လည်း တိုက်တွန်းထုတ်ပြန်ထားသည်။

