သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်တွင် စစ်ကျန်မိုင်းနင်းမိ၍ အမျိုးသား ၁ ဦး ခြေထောက်နှင့် ဆီးခုံ ပြင်းထန်ဒဏ်ရာရရှိ

AB News – မတ် ၂၂၊ ၂၀၂၅

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာတွင် စစ်ကောင်စီက မြှုပ်နှံထားခဲ့သည့် မိုင်းကို နင်းမိရာမှ အမျိုးသား ၁ ဦး ခြေထောက်နှင့် ဆီးခုံတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၁ ရက်၊ ညနေ ၅ နာရီခန့်တွင် ဦးကျော်မြင့်သည် စာသင်ကျောင်းနှင့် ဆီဆိုင်ကြားရှိ လမ်းတွင် သွားလာနေစဉ် မိုင်းကို နင်းမိခဲ့သည်။ ထိုကြောင့် ၎င်း၏ ညာဘက်ခြေထောက်နှင့် ညာဘက်ဆီးခုံတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံ ၁ ဦးက AB News သို့ ပြောသည်။

“ဦးကျော်မြင့်က ညနေဘက် လမ်းလျှောက်နေတာပါ။ လမ်းလျှောက်ရင်း စာသင်ကျောင်းနဲ့ ဆီဆိုင်အနီး လမ်းမှာ မိုင်းနင်းမိတာပါ။ ဒါကြောင့် ညာဘက်ခြေထောက်နဲ့ ညာဘက်ဆီးခုံမှာ အရမ်းပြင်းထန်တဲ့ ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။

မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိသူမှာ ရန်ခိုကျေးရွာမှ အသက် ၇၃ နှစ်အရွယ် ဦးကျော်မြင့် ဖြစ်သည်။

လက်ရှိတွင် ၎င်းသည် ဒဏ်ရာပြင်းထန်သဖြင့် အနီးအနားရှိ ဆေးခန်းတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယခင် မတ်လ ၁၇ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်နေ ဒေါ်တင်တင်ဦးသည် နေအိမ်သန့်ရှင်းရေး လုပ်နေစဉ် စစ်ကောင်စီက ထောင်ထားခဲ့သည့် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ရသည်။

ထို့အပြင် မတ်လ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီကျော်ခန့်တွင် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်တွင် ဟင်းရှာထွက်သွားသည့် အမျိုးသားတစ်ဦးသည် စစ်ကောင်စီ ထောင်ထားခဲ့သည့် မိုင်းကို နင်းမိ၍ ခြေထောက်တစ်ဘ် ပြတ်ထွက်သွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၁၅ ရက်၊ နေ့လယ် ၂ နာရီကျော်တွင်လည်း တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ ကိုမင်းဝေမှာ မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဘက် ဆုံးရှုံးခဲ့ရသည်။

ဖေဖော်ဝါရီ ၆ ရက်ကလည်း ကံပိုင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးသည် စစ်ကောင်စီ တပ်စွဲထားသည့် ခမရ-၃၄၆ တပ်ရင်းအနီး ထင်းခုတ်သွားစဉ် မိုင်းနင်းမိကာ ခြေထောက်တစ်ဘက် ဆုံးရှုံးခဲ့ရသည်။

လက်ရှိ ရက္ခိုင်တွင် စစ်ကောင်စီ၏ မိုင်းများကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ် ဆုံးရှုံးရခြင်းနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးရခြင်းများ ကြုံတွေ့နေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ