သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်သိမ်းပိုက်၊ ပလက်ဝအပါအဝင် မြို့နယ် ၁၃ ခုကို AA သိမ်းပိုက်ထားပြီးဖြစ်

AB News – ဒီဇင်ဘာ ၁၅ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ တောင်ကုတ်မြို့တွင် နောက်ဆုံးလက်ကျန်စခန်း ဖြစ်သည့် စကခ ၅ တပ်မဌာနချုပ်နှင့် စကခ ၅ တပ်မလက်အောက်ခံတပ်ရင်းများသည့် ခမရ ( ၃၄၆) နှင့် ခမရ (၅၄၄)တပ်ရင်းတို့ကို အာရက္ခတပ်တော် AA က ယမန်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရသည်။

စကခ ၅ တပ်မဌာနချုပ်သည် တောင်ကုတ်မြို့တွင် နောက်ဆုံးကျန်ရှိနေသည့် တပ်မကြီးတစ်ခုဖြစ်ပြီး ယခုဆိုလျှင် ခမရ (၃၄၆)နှင့် ခမရ (၅၄၄)တပ်ရင်းတို့အပါအဝင် တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် AA ကအပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အာရက္ခတပ်တော် AA က တောင်ကုတ်မြို့ရှိ ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းတို့အား သိမ်းပိုက်နိုင်ခဲ့ပြီး ၊ ယမန်နေ့တွင် စကခ ၅ တပ်မဌာနချုပ်အားလည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက AB News သို့ပြောသည်။

“AA က စကခ ၅ တပ်မအပါအဝင် ခမရ တပ်ရင်း၂ ခုကို အပြင်းအထန်ဝင်ရောက်တိုက်ခိုက်နေတာကတေ့ာ တစ်ပတ်နီးပါးလောက်ရှိပြီ။ ဒီဇင်ဘာလ ၁၃ ၊ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်။ စစ်ကောင်စီတပ်သားရာချီ AA ထံအလင်းဝင်လာခဲ့တယ်၊ အဲဒီအထဲမှာ တပ်မမှူးတွေလည်းပါတယ်” ဟုဆိုသည်။

အာရက္ခတပ်တော် AA က စကခ ၅ တပ်မအားသိမ်းပိုက်ပြီးနောက်တွင် စစ်သုံ့ပန်းအမြောက်အများ၊ စစ်လက်နက်အချို့ နှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က AB News သို့ပြောသည်။

တောင်ကုတ်မြို့နယ် တစ်ခုလုံးအား အပြီးပြတ် သိမ်းပိုက်ရရှိထားမှုနှင့်ပတ်သက်၍ အတည်ပြုချက်ရယူနိုင်ရန် AA ပြောခွင့်ရ ဦးခိုင်သုခအား ဆက်သွယ်ထားဆဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တောင်ကုတ်မြို့ရှိ စစ်ကောင်စီလက်ကျန်စခန်းမှာ စကခ ၅ တပ်မဌာနချုပ်နှင့် ခမရ တပ်ရင်း၂ ခုသာရှိခဲ့ပြီး ထိုစခန်း ၃ ခုအားလည်း တပြိုင်နက်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် အမ်း နပခ နှင့် ဂွမြို့တွင် ရှိသည့် စစ်ကောင်စီတပ်စခန်းများအား အာရက္ခတပ်တော်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ