
AB News – မတ် ၁၇၊ ၂၀၂၅
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့တွင် နေအိမ်အတွင်း စစ်ကျန်မိုင်းပေါက်ကွဲ၍ ယနေ့ မတ်လ၊ ၁၇ရက်၊ နံနက် ၁၁ နာရီကျော်အချိန်တွင် မြို့ခံအမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
နေအိမ်အတွင်း မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့သူမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ ဒေါ်တင်တင်ဦး ၃၄ နှစ်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ မတ်လ၊ ၁၇ရက်၊ နံနက် ၁၁ နာရီကျော်အချိန်တွင် တောင်ကုတ်မြို့ရှိ နေအိမ်အတွင်း စစ်ကောင်စီအဖွဲ့ ထောင်ထားခဲ့သည့် စစ်ကျန်မြေမြှုပ်မိုင်းပေါက်ကွဲပြီး မြို့ခံအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
“ဒေါ်တင်တင်ဦးဟာ ဒီနေ့၊ မနက် ၁၁နာရီကျော်အချိန်မှာ နေအိမ်အတွင်း သန့်ရှင်းရေးလုပ်စဥ် စစ်ကောင်စီတပ်သားတွေ ထောင်ထားခဲ့တဲ့ မိုင်းကို ထိမိခဲ့ပြီး မိုင်းပေါက်ကွဲခဲ့တာပါ။ ဒေါ်တင်တင်ဦးရဲ့ ခန္ဓာကိုယ်မှာ မိုင်းစတွေ ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ နေအိမ်လည်း ပျက်စီးခဲ့ပါတယ်။” ဟု ဆိုသည်။
တောင်ကုတ်မြို့အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အချိန်တွင် အဆိုပါ ကံပိုင်ရပ်ကွက်အပါအဝင် အခြားသော ရပ်ကွပ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်စွဲနေခဲ့ပြီး များစွာသော မြေမြှုပ်မိုင်းများကို ထောင်ထားခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ခြေတစ်ဘက် ဆုံးရှုံးကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဖေဖော်ဝါရီ ၆ ရက်တွင် ကံပိုင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးမှာ စစ်ကောင်စီတပ်စွဲ နေထိုင်ခဲ့သည့် ခမရ – ၃၄၆ တပ်ရင်းအနီး ထင်းခုတ်သွားစဉ် မိုင်းနင်းမိကာ ခြေထောက်တစ်ဘက် ပြတ်ထွက်သွားခဲ့သည်။