AB News – ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆
Marlar Win
ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနနှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ နယ်လှည့်ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဒေသခံပြည်သူများကို ငှက်ဖျားပိုး သွေးဖောက်စစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အရေပြားရောဂါများကို ကုသမှုပေးခြင်းနှင့် အထွေထွေရောဂါများကိုလည်း အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၅နှစ်အောက်ကလေးငယ်များ ရှိသည့် အိမ်ထောင်စုများအတွက် CYC ခြင်ထောင်အလုံး ၂၅၀ ကို ထောက်ပံ့ပေးခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။
ယင်းအပြင် HDCO မှ ၂ နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရနို့မှုန့်များကို ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကျန်းမာရေးဌာနနှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)တို့ ပူးပေါင်းကာ တောင်ကုတ်မြို့နယ်မှ ကျေးရွာများတွင်လည်း ပြည်သူများကို ဆေးကုသပေးပြီး ခြင်ထောင်များ ပေးဝေခဲ့ကြောင်း သိရှိရသည်။



