သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ဦး ပြင်းထန်ဒဏ်ရာရ

AB News – ဧပြီ ၅ ၊ ၂၀၂၅

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ စလူကျေးရွာကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ဧပြီလ ၄ ရက်၊ နံနက်အစောပိုင်း ၁ နာရီ၊ မိနစ် ၂၀ ခန့်အချိန်တွင် စစ်ကောင်စီက စလူရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင်း ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တောင်ကုတ် ဒေသခံ ၁ ဦးက AB News သို့ ပြောသည်။

‘’လူတွေ အိပ်မောကျနေတဲ့ အချိန် စလူရွာကို ဂျက်ဖိုက်တာနဲ့ ဝှန်းခနဲ့ လာချသွားတာ။ ဘုန်းကြီးကျောင်းနားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ ရွာသား ၃ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်။ အပစ်ခတ် ရပ်စဲထားပေမယ့် စစ်ကောင်စီက တော်တော်ကို ရွံဖို့ကောင်းတဲ့ အပြုအမူတွေ လုပ်တာပါပဲ’’ ဟု ၎င်း ကပြောသည်။

စစ်ကောင်စီ ကြဲချခဲ့သော ဗုံးသီးသည် စလူရွာထဲနှင့် ဘုန်းကြီးကျောင်းတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အနားမှာရှိသည့် အရပ်သားပြည်သူ ၃ ဦး ပြင်းပြင်း ထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ တောင်ကုတ်မြို့နယ်၊ စလူရွာမှအသက် ၃၆ နှစ်အရွယ် ဒေါ်ကြူကြူ၊ အသက် ၄၀ အရွယ် ဒေါ်ပနေနှင့် အသက် ၁၄ နှစ်အရွယ် မောင်စိုးနိုင် တို့ဖြစ်ကြသည်။

အလားတူ ထိုဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွင်း ဒိုးနွယ်စမ်းကျေးရွာမှ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနှင့် အရပ်သားနေအိမ် ၃ ဆောင် ပျက်စီးသွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီအဖွဲ့သည် ရက် ၂၀ ကြာ အပစ်ခတ်ရပ်စဲရန် ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ကြေညာထားပြီးနောက် လက်ရှိတွင် စစ်ကိုင်းတိုင်း ၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရက္ခိုင်ပြည်၊ ရှမ်းပြည်နယ်တို့ကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများ ဆက်တိုင်းပြုလုပ်လာသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ