သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် စစ်ကျန်မိုင်းပေါက်ကွဲ၍ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

AB News – ဧပြီ ၆၊ ၂၀၂၅

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကျန်မြေမြှုပ်မိုင်း ပေါက်ကွဲ၍ ယနေ့ ဧပြီလ ၆ရက်၊ နေ့လည်ပိုင်းအချိန်တွင် ဒေသခံအမျိုးသားတစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိခဲ့သူမှာ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းရွာမှ အသက် ၂၅နှစ်အရွယ် ကိုဟိန်းမင်းစိုး ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နေ့လည် ၁နာရီခန့်အချိန်တွင် ကိုဟိန်းမင်းစိုးသည် ကြိုးကြာကွင်းဆည် အနီးပတ်ဝန်ကျင်သို့ ဟင်းခူးသွားစဉ် စစ်ကျန်မြေမြှုပ်မိုင်း ပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဒဏ်ရာရသူနှင့် ဒေသခံသူတစ်ဦးက AB News သို့ ဆိုသည်။

“ဆည်ရဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေခဲ့တယ်။ အဲနေရာမှာ စစ်ကျန်မိုင်းတွေ ရှိနေပြီး ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားတာတွေလည်း ရှိပါတယ်” ဟု ဆိုသည်။

မိုင်းပေါက်ကွဲမှုကြောင့် ကိုဟိန်းမင်းစိုး ညာဘက်လက်နှင့် ခန္ဓာကိုယ်တွင် မိုင်းစများ ထိမှန်ခဲ့ကာ လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

စစ်ကျန်မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ရက္ခိုင်က ဒေသခံများမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုနှင့် ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့နေကြရသည်။

အာရက္ခတပ်တော်က မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များထောင်ခြင်း၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ကိုလည်း တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ