
AB News – မတ် ၆၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်ကုတ်မြို့နယ်ရှိ နေရာ ၂ ခုတွင် တစ်ရက်အတွင်း စက်သုံးဆီ အရောင်းဆိုင် ၂ ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယမန့်နေ့ မတ်လ ၅ ရက်နေ့ ညနေပိုင်းအချိန်တွင် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်နှင့် တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာတို့တွင် ဓာတ်ဆီဆိုင် ၂ ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တောင်ကုတ်မြို့နယ်၊ ကင်းတောင်ကျေးရွာမှ ဦးစိန်စု ပိုင်ဆိုင်သည့် စက်သုံးဆီအရောင်းဆိုင်မှာ ယမန့်နေ့ ည ၄ နာရီခွဲအချိန်တွင် စတင်၍ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးငြိမ်းသတ်ပေးသည့် လူငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိသည်။
အလားတူ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်ရှိ ဦးလွင်မိုးသူ ပိုင်ဆိုင်သည့် “အာရက္ခ” စက်သုံးဆီအရောင်းဆိုင်မှာလည်း ယမန်နေ့ ညနေပိုင်း ၅ နာရီကျော်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဆိုင်အနီးဝန်းကျင်မှ ကိုဆန်းဝေ ၏ အိမ်နှင့် စားသောက်ဆိုင် မီးကူးလောင်ကျွမ်းသွားကြောင်း သိရှိရသည်။
တောင်ကုတ်မြို့အတွင်း မီးလောင်ကျွမ်းသည့် ဆီဆိုင် ၂ ဆိုင်အား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မီးသတ်ဌာနမှ လာရောက်၍ မီးငြိမ်းသတ်ပေးခဲ့ပြီး ညနေ ၇ နာရီခန့်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုနှင့် ပတ်သတ်ပြီး DELPS တပ်ဖွဲ့မှ တရားဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – Arakan Princess Media(APM)