
AB News – မတ် ၂၅ ၊ ၂၀၂၅
ရက္ခိုင်ပြည် ၊ ပလက်ဝမြို့ ၊ ဆမီးမြို့ အမှတ် ၂ ရပ်ကွက်၊ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်တွင် တားမြစ်အရက်ပုလင်း ၂၀၀ နီးပါး သယ်ယူလာသူ ၁ ဦးကို အာရက္ခတပ်တော် AA က မတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူမှာ စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံကျေးရွာမှ ဦးမောင်သာညိုဖြစ်သည်။
၎င်းသည် မကွေးတိုင်း၊ ဆောမြို့မှ ရက္ခိုင်ပြည်သို့ ကားဖြင့် ပြည်မနှင့် ပြည်ပထုတ် RED LABLE ပုလင်းအလုံး ၆၀ နှင့် GRAN ပုလင်း ၁၁၉ စုစုပေါင်း အရက်ပုလင်း ၁၇၉ လုံးကို သယ်ယူလာခဲ့သည်။
ထို့အတွက်ကြောင့် ၎င်းသည် ပလက်ဝမြို့၊ ဆမီးမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်တွင် မတ်လ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် ၎င်းကို ဆမီးမြို့ DLEPS က ထုတ်ကုန်/ သွင်းကုန် ဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလအတွင်းမှစ၍ အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ဒေသတို့တွင် ပြည်မထုတ်နှင့် ပြည်ပထုတ် အရက်၊ ဘီယာ၊ ဝိုင်နှင့် အခြား ယစ်မျိုးကုန်အားလုံး ရောင်းချသုံးစွဲခွင့်ကို ပိတ်ပင်ထားခဲ့သည်။
ထို့ကြောင့် အာရက္ခပြည်တခွင် ပြည်မ နှင့် ပြည်ပထုတ် အရက်၊ ဘီယာ၊ ဝိုင်နှင့် အခြား ယစ်မျိုးကုန်အားလုံး ကင်းစင်စေရေးအတွက် အာရက္ခတပ်တော် DLEPS အဖွဲ့က လိုက်လံဖမ်းဆီးမှုများပြုလုပ်လျှက်ရှိနေသည်။