Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တအာင်းတပ်မတော်မှ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ တပ်စခန်းကို အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ဟု ထုတ်ပြန်

AB News- ဇန်နဝါရီလ ၁၊ ၂၀၂၄

တအာင်းတပ်မတော်မှ တအာင်းပြည်နယ်၊ တပ်မဟာ ၂စစ်ဒေသ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ ဗျူဟာမှူးအခြေချ ကွပ်ကဲသည့်စခန်းအား အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ ဟု ထုတ်ပြန်ချက်အရ သိရသည်။

တအာင်းတပ်မတော်မှ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စ၍ မိုင်းငေါ့မြို့နယ် စစ်ကောင်စီတပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး

တိုက်ပွဲ ၃ရက်အကြာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညဥ့် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ၏ထုတ်ပြန်ချက်တွင်ဆိုသည်။

တ​အာင်းတပ်မ​​တော်သည် စစ်ကောင်စီ တပ်စခန်း တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၃/ခလရ ၂၃၅ တို့မှ လာ​ရောက်အခြေချနေထိုင်သည့် မိုင်းငေါ့တပ်စခန်း ဗျူဟာကုန်း အပါအဝင် ၊ ရဲစခန်းနှင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည် ဟုလည်းဆိုသည်။

တအာင်းတပ်မတော် မှ စစ်ကောင်စီ တပ်စခန်းများအား စီးနင်းတိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ ဘက်မှ ဂျက်ဖိုက်တာ ဖြင့် ၅ကြိမ်၊ Y12 လေယာဥ်ဖြင့် ၁၉ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ယင်းအပြင် စစ်ကောင်စီ၏မိုင်းငေါ့ တပ်စခန်းမှ လက်နက်ကြီး ဖြင့်အကြိမ် ၃၀ ကြိမ်ခန့်၊ စစ်ကောင်စီ ကျောက်မဲတပ်စခန်းမှ လက်နက်ကြီးဖြင့် ၁၅ ကြိမ်ခန့် မိုင်းငေါ့ မြို့နှင့် မြို့ပတ်ဝန်းကျင်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲမဖြစ်မီကာလကလည်း မိုင်းငေါ့တပ်စခန်းအား စစ်ကောင်စီ အဖွဲ့မှ Mi 17 ထောက်ပို့လေယာဥ်ဖြင့် ၃ကြိမ်ခန့်လာရောက်၍ လူအင်အား၊ လက်နက်အင်အားများ စစ်ကူပေးခဲ့သည်။

စစ်ကောင်စီ အဖွဲ့သည် မိုင်းငေါ့မြို့စခန်းသိမ်းတိုက်ပွဲ ၃ရက်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၄ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၁၀၃ကြိမ် နှင့် လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၄၅ကြိမ် ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့သည် ဟု သိရှိရသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူ များအား ရည်ရွယ်ချက်ရှိရှိ ဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် မိုင်းငေါ့မြို့နယ် ဒေသခံ ၂ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံများ၊ ဘုရားကျောင်းကန်များအပါအဝင် လူနေအိမ် ၁၄လုံးခန့် ပျက်စီးပြီး လူနေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့သည် ဟုလည်းသိရသည်။

တအာင်းတပ်မတော် သည် မိုင်းငေါ့တပ်စခန်း မှ စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် ၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း ရှင်းလင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တအာင်းတပ်မတော်PSLF/TNLA သည် ၁၀၂၇ စစ်ဆင်ရေး၏ ယမန်နှစ် ၂၀၂၃ ခုနှစ်အတွင်း မြို့ ၆မြို့အား အပြီးသတ်သိမ်းပိုက် နိုင်ခဲ့သည်။ ၎င်းမြို့များမှာ နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊မန်တုံမြို့၊နမ္မတူမြို့၊မိုင်းလုံမြို့၊မိုင်းငေါ့မြို့တို့ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ