ABN – မေအိအိအောင်
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အသက်၉၀ အရွယ် အဖွားအိုတစ်ဦးသေဆုံးပြီး ၁၅ ဦး ခန့်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသူမှာ တနင်္သာရီမြို့နယ် ဥယျာဥ်ကမ်းကျေးရွာမှ အသက် ၉၀ အရွယ် ဒေါ်သိန်းခင်ဖြစ်ကြောင်းသိရသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် ကျေးရွာများမှာ ဗောဓိကမ်း၊ ဘန်းလမွတ်၊ မော်တုန်း နှင့် ဥယျာဥ်ကမ်းကျေးရွာများဖြစ်ပြီး အဆိုပါရွာများအတွင်းတွင် လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရသူ ၁၅ ဦး၀န်းကျင်ခန့် ရှိကြောင်းသိရသည်။
လက်နက်ကြီးပစ်ခတ်သည့် စစ်ကောင်စီတပ်များမှာ ဗောဓိကမ်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ ခမရ ၅၅၆ ၊ခမရ ၅၅၇၊ အမြောက်တပ် ၃၀၆ တို့ ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် မော်တုန်း၊ ဗောဓိကမ်း၊ ဘန်းလမွတ် နှင့် ဥယျာဥ်ကမ်းကျေးရွာများမှ ပြည်သူများမှာ ထွက်ပြေးတမ်းရှောင်နေကြရသည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။
တနင်္သာရီမြို့တွင် ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှစပြီး ဇန်နဝါရီ ၂၅ ရက်အထိ စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းနှင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီတပ်မှ ကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ရွာဝင်မီးရှို့ခြင်း၊ ပြည်သူများအား ရက်စက်စွာသတ်ဖြတ်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ ပိုမိုများပြားလာလျက်ရှိနေသည်။


