
ABN-ရှိုင်းမိုး
မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ်ထဲက ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ် ရွာများကို စစ်ကောင်စီ တပ်သားများ ဝင်ရောက်လာပြီး နေအိမ် ၁၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်။
မတ်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်က စစ်ကောင်စီ တပ်သားများ ရောက်လာကြကာ ညောပြင်ရွာကို စတင် မီးရှို့ခဲ့ပြီးနောက် အောက်ကျောက်ဝပ်ရွာကိုမူ မွန်းလွဲ ၁ နာရီခန့်မှာ မီးရှို့ခဲ့ကြောင်း ဒေသတွင်းသတင်းများမှ တဆင့်သိရသည်။
ထိုရွာနှစ်ရွာပေါင်း အိမ်ခြေ ၁၃၀ ကျော်ရှိပြီး၊ ညောပြင် ရွာက နေအိမ် ၉၆ အိမ် မီးရှို့ခံလိုက်ရပြီး၊ အောက်ကျောက်ဝပ် ရွာမှ နေအိမ် အလုံး ၄၀ မီးရှို့ခံလိုက်ရပြီး စုစုပေါင်း ၂ ရွာပေါင်း နေအိမ် ၁၃၆ လုံးကို စစ်ကောင်စီတပ်များက မီးရှို့ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ တပ်သားများ ထိုရွာ၂ရွာထဲကို ဝင်ရောက်မီးရှို့ခဲ့သောကြောင်း ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စစ်ကောင်စီတပ်သားများမှ လောင်းလုံမြို့နယ် အောက်ကျောက်ဝပ်ရွာမှ အမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။




